Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးချုပ် လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးချုပ် လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

လက်ပံတန်း ဧပြီ ၁၂

=================

သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ခမုံဆိပ် အခြေခံပညာအထက်တန်းကျောင်း မြစ်မခခန်းမ၌ ဧပြီလ(၁၂)ရက်နေ့ မွန်းလွဲ(၂း၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်မပြေမှုများရှိပါက ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူတို့၏ လူမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားနိုင်ရန် အောက်ခြေပြည်သူများကို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ အခြေခံအချက်ဖြစ်သော ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဒီမိုကရေစီနည်းလည်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အသိစိတ်ဓါတ်တို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်းစီ၌ ပြုပြင်ပြောင်းလဲလိုစိတ်၊ အများအကျိုး ဆောင်ရွက်လိုစိတ်များဖြင့် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို စတင်ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက  ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးရန်၊ ကျေးလက်တံတားများ ဆောက်လုပ်ပေးရန်၊ တမာရေတံခါးပြုပြင်ဆောင်ရွက်ပေးရန်၊ တမာပန်းတာအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ မင်းလှမြို့နယ်၊ ပန်းတာရေကာတာ ပြန်လည်ပြုပြင်ပေးရန်၊ ဆင်မနီကျေးရွာ၊ သဲဖြူရုံကျေးရွာနှင့် သရက်တောကျေးရွာ လျှပ်စစ်မီးလင်းရေး၊ ထောက်ကြန့်ရိုး တူးဖော်ပေးရန်၊ တရားမဝင်ကျောက်စရစ်တူးဖော်နေခြင်းနှင့် မြေနုကျွန်းခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေယာအငြင်းပွားမှုများနှင့် မြစ်မခမြစ်ကြောင်း ထိန်းသိမ်းပြုပြင်ပေးနိုင်ရေး တင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာအုပ်စုနှင့်ကျေးရွာအုပ်စုပေါင်း(၅၃)အုပ်စုမှ ဒေသခံပြည်သူ (၁၅၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။