Home / ကဝမြို့နယ် / ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် တာဝရေတံခါးတံတားဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် တာဝရေတံခါးတံတားဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

သနပ်ပင် ဧပြီ ၂၇

=====================

ဧပြီလ(၂၇)ရက်နေ့ နံနက်(၉)အချိန်က သနပ်ပင်မြို့နယ် တာဝရေတံခါးကျေးရွာ ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် တာဝရေတံခါးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဒန်တို့က တာဝရေတံခါး တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် တံတားအားလှည့်လည် ကြည့်ရှုကြသည်။
အဆိုပါတံတားသည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ၁၅၀၊အလျား ၁၄ပေ၊ အမြင့် ၁၅ပေရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၅၀)သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ တာဝရေတံခါးတံတားသစ်ကြီးသည် မြို့နယ် ၃ မြို့နယ်ဖြစ်သော ပဲခူး-သနပ်ပင်-ကဝမြို့နယ်များသို့ ဖြတ်သန်းသွားလာနိုင်မည်ပြီး ခံနိုင်ဝန်(၂၀)တန်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဝန်ကြီးချုပ်က ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ အခြေခံပြဿနာများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက တိုင်းပြည်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနဲ့ပြည်သူ လက်တွဲညီစွာ ပူပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း အမှာစကားများ ပြောကြားသည်။
ထို့နောက် တာဝရေတံခါးကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ကျိုက်ပဒိုင်လေးကျေးရွာ၊ စဉ့်အိုးဘိုကျေးရွာ၊ အနောက်တန်ခွန်တိုင်ကျေးရွာနေ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တင်ပြကြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းအဖြေရှာ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။