Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်

ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်

မေ ၁၄ (ပဲခူး)
=================================

မေလ (၁၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံအနှံအပြားတွင် ပြဿနာရပ်များစွာရှိပြီး ဒေါသ၊ အာဏာ၊ အတ္တတို့ကိုင်ဆွဲပြီး ဖြေရှင်းဆောင်ရွက်ပါက ပြဿနာရပ်များ ပိုမိုရှုပ်ထွေးခြင်း၊ ပိုမိုကြီးထွားလာခြင်း၊ နောင်ဆုံးတော့ ရန်သူသဖွယ် တိုက်ခိုက်မှုများအထိ ဖြစ်ပွားခဲ့ကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်တွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်းနည်းကိုသာ အသုံးပြုကြကြောင်း၊ ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မေတ္တာတရား၊ လောကပါလတရားကို လက်ကိုင်ထားပြီး အားလုံးပေါင်းစပ် ညှိနှိုင်းအဖြေရှာခြင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ ဒါမှသာ တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းတည်ငြိမ်သော ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးနိုင်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်းများအား အဆင့်မြှင့်တင်ပေးရန်၊ ကြံစိုက်တောင်သူများ  အခက်အခဲဖြစ်နေသဖြင့် ကားသွားလို့ရသော ချောင်းကူးတံတားတည်ဆောက်ပေးရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်၊ စက်ရေတွင်းအတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန်၊ စာသင်ကျောင်းများ အဆင့်မြှင့်တင်ပေးရန်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ ရေတားတမံနှင့် ရိုးချောင်းများ ပြုပြင်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေးအတွက် ရေသွယ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် စသည်တို့ တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။