Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောင်းဆောင်သစ်၊ ရေတွင်းနှင့် ရေကန် ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောင်းဆောင်သစ်၊ ရေတွင်းနှင့် ရေကန် ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မေ ၁၅ (ရေတာရှည်)
====================================

မေလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်၊ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ်၊ ရေတွင်းနှင့် ရေကန် ပေးအပ်လှူဒါန်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ  ကျောင်းဆောင်သစ်(၂)ဆောင်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်း၊ The Embassy Of Czech Republic မှ သံအမတ်ကြီး H.E Mr. Jaroslav Dolecek တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ကျောင်းဆောင်ပေးအပ်လှူဒါန်းပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ပျက်စီးမှုအများဆုံးဖြစ်သော ကျွန်းတောစုကျေးရွာအား နေရာပြောင်းရွှေ့အသစ် တည်ဆောက်ပေးခြင်း၊ လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်တို့ကို အစိုးရနှင့်အတူ ပြင်ပအလှူရှင်ပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်သည် လူတို့ပြုပြင်ဖန်တီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့်ဖြစ်၍ လူသားတိုင်းအားလုံး သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း အသိပညာလည်း ရှိထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အတ္တကိုကိုင်စွဲပြီးကျင့်သုံးခဲ့မှုကြောင့် နိုင်ငံ၏အခြေအနေအရပ်ရပ် ပျက်စီးယိုယွင်းခဲ့ရကြောင်း၊ ဒီအခြေအနေများကို ပြန်လည်ကုစားနိုင်ရန်အတွက် အဓိကရေသောက်မြစ်ဖြစ်သော စာသင်ကျောင်းများမှစ၍ အကြောက်တရားကို အခြေမခံဘဲ ပြဿနာများကို ညှိနှိုင်းပေါင်းစပ် အဖြေရှာသည့် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်၍ အနာဂတ်တွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းနှင့် The Embassy Of Czech Republic မှ သံအမတ်ကြီး H.E Mr. Jaroslav Dolecek တို့က ကျောင်းဆောင်သစ်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းသည့် ပေ(၃၀×၆၀) (၁)ထပ် ကျောင်းဆောင်(၂)ဆောင်၊ ရေတွင်းနှင့် ဂါလံ(၁၅၀၀)ဆံ့ ရေလှောင်ကန်(၁)ကန်တို့အား Czech Republic Humanitarian Aid အဖွဲ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်း၊ The Embassy Of Czech Republic မှ သံအမတ်ကြီး H.E Mr. Jaroslav Dolecek ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။