Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ်ထံသို့ အဆင့်မြင့်စက်မှုဇုံ (Industrial Complex) တည်ဆောက်နိုင်ရေး Great Angel Co., Ltd လာရောက်တွေ့ဆုံ

ဝန်ကြီးချုပ်ထံသို့ အဆင့်မြင့်စက်မှုဇုံ (Industrial Complex) တည်ဆောက်နိုင်ရေး Great Angel Co., Ltd လာရောက်တွေ့ဆုံ

မေ ၁၆ (ပဲခူး)
====================

မေလ (၁၆)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းသို့ အဆင့်မြှင့်စက်မှုဇုံ (Industrial Complex) တည်ဆောက်နိုင်ရေး Great Angel Co., Ltd မှ ဒါရိုက်တာ ဒေါ်ခင်မိုးဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Great Angel Co., Ltd မှ ဒါရိုက်တာ ဒေါ်ခင်မိုးဦးက မိမိတို့နှင့်မိတ်ဖက်ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် KDDI Co., နှင့် ပူးပေါင်း၍ ကဝဒေသနှင့် ပဲခူးဒေသတို့တွင် အဆင့်မြင့်စက်မှုဇုံ  (Industrial Complex) တည်ထောင်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်းနှင့် စက်မှုဇုန်တည်ထောင်ရန်အတွက် မြေဧရိယာ(၅၀၀)ဧကခန့် လိုအပ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရင်းနှီ:မြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ဆောင်ရွက်လိုသည့်နေရာတိုင်းကို ခွင့်ပြုပေး၍မရကြောင်း၊ စက်မှုဇုံများ ဖော်ဆောင်ရာတွင် တစ်နေရာတည်း တစ်စုတစ်စည်းတည်း အနာဂတ်မြို့ပြစီမံကိန်းများနှင့် နှိုင်းယှဉ်ချိန်ဆ၍ ဖြစ်သင့်သည့်နေရာကို အစိုးရအဖွဲ့မှ ဖော်ဆောင်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများက မြေငှားရမ်းခြင်းစနစ်ဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒါမှလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်ကျနိုင်မည်ဖြစ်ပြီး လျှပ်စစ်မီး၊ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုလိုသူများကို ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့ရုံးမှာ တာဝန်ရှိသူများ၊ Great Angel Co., Ltd ဒါရိုက်တာ ဒေါ်ခင်မိုးဦး ဦးဆောင်သော ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။