Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မေ ၁၇ (ပဲခူး)
===============

မေလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသင်းကြီး၏ (၁၄)နှစ်ပြည့်အထိမ်းအမှတ် သုတစုံလင်ဉာဏ်ကြီးရှင်(၂၀၁၉) နောက်ဆုံးအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပန်းပျိုးလတ်ဆရာတော် ဒေါက်တာအရှင်ပညောဘာသက ဝမ်းမြောက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျွန်တော်တို့တိုင်းပြည်တွင် ထူးချွန်ထက်မြတ်ပြီး ပညာရည်ပြည့်ဝသော အနာဂတ်မျိုးဆက်သစ်လူငယ်များ အထူးလိုအပါနေသည့် အချိန်အခါဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအဆင့် သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကြီး ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ အဆိုပါပြိုင်ပွဲကြီး၏ ရည်ရွယ်ချက်နှင့် သင်ကြားကျင်းပပုံအဆင့်ဆင့်ကို လေ့လာမိတဲ့အခါ အနာဂတ်မျိုးဆက်သစ် သားငယ်/သမီးငယ်တို့အတွက် ဘက်စုံပညာရေးသာမက မိမိကိုယ်ကိုအားကိုးတတ်သောစိတ်၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သော အမူအကျင့်များအပြင် လူငယ်/လူရွယ်တို့၏ တစ်ဦးချင်း ငြိမ်းချမ်းရေးအသိစိတ်များ အလေးထားတန်ဖိုးထားတတ်လာအောင် ပြုစုပျိုးထောင်ပေးနေခြင်းကိုလည်း တွေ့ရှိရကြောင်း၊ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဟူသည့် နိုင်ငံတော်၏ ပညာရေးဆောင်ပုဒ်နှင့်အညီ သားငယ်/သမီးငယ်များကို လေ့လာဆည်းပူးယှဉ်ပြိုင်စေပြီး အားကစားဆိုင်ရာ လေ့ကျင့်သင်ကြားပေးသည့်အပြင် အသိအလိမ္မာတိုးပွားလာစေရန် ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်မှ အလေးထား ဆောင်ရွက်ခဲ့ကြသည်ကိုသိရှိရ၍ လွန်စွာဝမ်းမြောက် ဂုဏ်ယူမိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြရာ အသန့်ရှင်းဆုံးဆုရရှိသူ ပညာတံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဇေယျာထွန်းအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂)သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသော အထကရေတာရှည်မှ မမိုးဖြူစင်အောင်အား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသူ မင်းလှမြို့ စစ်ကွင်းအထကမှ မဧကရီမင်းစိုးအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပထမဆု(ဉာဏ်ကြီးရှင်)ဆုရှိသူ တောင်ငူမြို့ အထက(၄)မှ မသဇင်သက်အား ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ သီရိသုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီ မားမားဒေါ်လှကြည်တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းပေးအပ်ချီးမြှင့်သည်။
အဆိုပါသုတစုံလင် ဉာဏ်ကြီးရှင်ပြိုင်ပွဲအား ၂၀၁၈ခုနှစ်တွင် (၁)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်မြို့နယ်မှ မဇွန်သက်နိုးက ဉာဏ်ကြီးရှင်ဆုဆွတ်ခူးရရှိခဲ့သည်။ ယခု ၂၀၁၉ခုနှစ်တွင်လည်း မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်တို့တွင် ပြိုင်ပွဲဝင်ကျောင်းသား/သူ(၁၀၀၀)ကျော်ပါဝင်ကာ သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်များ၌ကျင်းပပြုလုပ်ခဲ့သည်။ တိုင်းဒေသကြီးအဆင့်တွင် ခရိုင်အဆင့်ပြိုင်ပွဲများမှ ရွေးချယ်ခံရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/သူ(၅၈)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲအား ကလေးငယ်များ ပညာရည်ပြည့်ဝစေရန်နှင့် လိမ္မာရေးခြားရှိစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမှတဆင့် အခြားဘာသာရပ်များအား လွယ်လင့်တကူ လေ့လာဆည်းပူးနိုင်စေရန်၊ အနာဂတ်တွင် စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရန်၊ ငြိမ်းချမ်းရေး၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးကို အလေးထားတန်ဖိုးထား ဖော်ဆောင်တတ်သူများ ဖြစ်လာစေရန်၊ ဗဟုသုတပြည့်စုံပြီး အတွေးအခေါ် မျှော်မြင်တတ်သော အနာဂတ်တိုင်းကျိုးပြည်ပြု နိုင်ငံ့သားကောင်းရတနာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသင်းကြီးမှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။