Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဒိုက်ဦး မေ ၁၉
===============================

မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီက ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ကတုတ်ဘုရားကြီးကျေးရွာအုပ်စု ကန်ညီနောင်ကျေးရွာ မိုးကောင်းဓမ္မရိပ်သာဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျေးရွာနေ ဒေသခံပြည်သူများနှင့်လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြို့နယ်ကျေးရွာအတွင်း သိမ်းဆည်းမြေနှင့် မြေယာပြဿနာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်နှင့် အခက်အခဲများကို ပြည်သူ့အသံနားထောင်ပြီး ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဒိုက်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက သိမ်းဆည်းမြေများပြန်လည်ရရှိရေး၊ ပုံစံ(၇)များရရှိနိုင်ရေး၊ စားကျက်မြေများပယ်ဖျက်ပေးကာ လယ်ယာမြေလုပ်ကိုင်ခွင့်များရရှိရေး၊ ရထားလမ်းဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသော လူနေအိမ်များဖယ်ရှားပေးနိုင်ရေးနှင့် ကျူးကျော် ဈေးဆိုင်ခန်းများဖယ်ရှားရှင်းလင်းပေးနိုင်ရေး၊  ရွာမြေဟောင်းအား ဖော်ထုတ်တိုင်းတာပေးနိုင်ရေး၊ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေးများ လိုအပ်လျက်ရှိနေကြောင်း စသည်တို့အား တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။