Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

မေ ၁၉ (ဘုရားကြီး)

==============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၁၉)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ မဟာဝိဇယရံသီစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဗုဒ္ဓဝိဟာရကျောင်းတော်ရာဓမ္မာရုံ၌  ဘုရားမြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း(၅)ထောင်ကျော်ရှိပြီး အချိန်ရသလောက် လူထုအတွင်း ဖြစ်ပေါ်လျက်ရှိသော ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ လာရောက်တွေ့ဆုံပေးနေရခြင်းဖြစ်ကြောင်း၊ ပြဿနာရပ်များ ဖြေရှင်းရာတွင် အတ္တကို ကိုင်စွဲမှုမပြုစေဘဲ မေတ္တာတရားကို အခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ အေးချမ်းတည်ငြိမ်သော လူအများစုလက်ခံနိုင်သော ဒီမိုကရေစီကျသော အဖြေတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် အောက်ခြေပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများကို အများအကျိုးရှေးရှုတင်ပြပေးရန်၊ ဘုရားကြီးမြို့သည် မကြာမီအချိန်အတွင်းမှာ မြို့ပြချဲ့ထွင်မှု နယ်မြေအတွင်း ပါဝင်လာမည်ဖြစ်ပြီး စီးပွားရေးအရ အချက်အခြာကြသည့် မြို့ပြတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုတည်း ဆောင်ရွက်၍မရဘဲ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအနေဖြင့် ပညာရေးကဏ္ဍကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း လောကပါလတရားနှင့်အညီ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မေတ္တရားဖြင့် ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် မဝေးတော့သော အနာဂတ်တွင် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဘုရားမြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးအုပ်စုများရှိပြည်သူများက ရွှေပြည်အေးဘုရားလမ်းအား ရပ်ကွက်နေပြည်သူများက မြေသားလမ်းအဖြစ် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် အစိုးရအဖွဲ့မှ ဂဝံလမ်းအဖြစ်အဆင့်မြှင့်တင်ပေးရန်၊ ရေးစီးရေလာကောင်းမွန်ရေးအတွက် ရေးနှုတ်မြောင်းများတူးဖော်ပေးရန်နှင့် မြို့တွင်းလမ်းဆုံ၌ ယာဉ်စည်းကမ်းမဲ့နေမှုများအား အရေးယူဆောင်ရွက်ပေးရန်၊ ခန်းမဆောင်တစ်ခုဆောက်လုပ်ပေးရန်နှင့် ကန်သာယာရေကန်အတွင်းသို့ ဇောင်းတူလက်တံမြောင်းမှရေပိုက်ဖြင့် ရေသွယ်တန်းပေးရန်၊ ကျေးရွာများတွင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်မီးလင်းရေးဆောင်ရွက်ပေးရန်၊ ပြည်သူများအားကစားပြုလုပ်နိုင်ရေးအတွက် ဘောလုံးကွင်းတစ်ကွင်း စီစဉ်ဆောင်ရွက်ပေးရန်၊ ပုံစံ(၇)ရရှိထားသည့်လယ်မြေပေါ်၌ တိုးချဲ့ကွက်သစ်ဆောင်ရွက်ထားရှိမှု၊ မြေယာလျော်ကြေး၊ နစ်နာကြေးများမရရှိသေးသည့်ကိစ္စ၊ တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုအောင်မြင်ပြီးဖြစ်သော်လည်း ရွှေသံလွင်တိုးဂိတ်အား အနီးဝန်းကျင်ကျေးရွာများမှမော်တော်ယာဉ်များ freeကဒ်ဖြင့်ဖြတ်သန်းခွင့်မရရှိသေးသည့်ကိစ္စ၊ သဲဖြူချောင်းအားမြေဖို့တိုးချဲ့ပြီး ကျူးကျော်နေမှုများအားအရေးယူပေးရန်ကိစ္စ၊ ရွာသစ်ကိုင်းတာကျေးရွာ စက်မှုမြေငှားဂရန်လျှောက်ထားခြင်းအား ခွင့်ပြုချထားပေးနိုင်ခြင်းမရှိသေးသည့်ကိစ္စ၊ ဘောနတ်ကြီး-ကင်းချောင်းဖွံ့ဖြိုးရေးလမ်းအား ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်ကိစ္စ၊ လက်ပံခုံကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာနေပြည်သူများကကုန်ကျငွေ၏၅၀%အား ထည့်ဝင်ပြီးဖြစ်သော်လည်း လျှပ်စစ်မီးမရရှိသေးသည့်ကိစ္စ၊ ကင်းချောင်းကျေးရွာ ကျေးလက်ဆေးပေးခန်းတိုးချဲ့ဆောက်လုပ်ပေးရန်ကိစ္စ၊ ရွှေတန်ကျေးရွာ လျှပ်စစ်မီးရရှိရေးကိစ္စ၊ ဝင်းကရင်ကျေးရွာရှမ်းရွာကြီးချောင်းတံတားအား ဆောက်လုပ်ပေးရန်ကိစ္စ၊ မုဒ်ရှစ်ကျေးရွာမြေသားလမ်းအား ဂဝံလမ်းအဆင့်တိုးမြှင့်ပေးရန်ကိစ္စ၊ သိမ်းဆည်းမြေများပြန်လည်ရရှိရေးဆောင်ရွက်ပေးရန်ကိစ္စရပ်များ တောင်းဆိုတင်ပြကြသည်။
ယင်းနောက် ဒေသခံများ၏တာင်းဆိုတင်ပြမှုများအပေါ် ဝန်ကြီးချုပ်မှသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ NLDပါတီ တိုင်းဒေသကြီး ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။