Home / ကဝမြို့နယ် / ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပပြုလုပ်

ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပပြုလုပ်

မေ ၂၁ (ပဲခူး)
================

မေလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကဝမြို့ ကဝ-ခမေကြီးလမ်းပေါ်ရှိ ဖွင့်ပွဲမဏ္ဍပ်၌ ဗြိတိန်နိုင်ငံပြည်သူများ၏လှူ ဒါန်းငွေဖြင့် UNDP ကပံ့ပိုးကူညီပြီး ကျေးလက်လမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးသဖြင့် ကျေးလက်ဒေသများရဲ့လမ်းပန်းဆက်သွယ်ရေးကို ပိုမိုကောင်းမွန်အောင်ဦးစားပေးဆောင်ရွက်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတာနဲ့ ပညာရေး၊ ကျန်းမာရေး၊ ရောင်းဝယ်ကုန်သွယ်ရေးတွေအားလုံး ကျွဲကူးရေပါဆိုသလို တစ်ဆက်တစ်စပ်ထဲ တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူတွေအနေဖြင့်လည်း ဒီလမ်းကြီးကိုရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အတူ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E.Mr.Dan Chugg နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmarမှဌာနေကိုယ်စားလှယ်Mr.Peter Batchelor တို့ကနှုတ်ခွန်းဆက် စကားပြောကြားကာ ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ်အား တာဝန်ယူဖောက်လုပ်ခဲ့သည့် T&VD Companyတာဝန်ရှိသူတစ်ဦးက ကဝ-ခမေကြီး ကျေးလက်ကွန်ကရစ်လမ်းသစ်အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့်.UK-aidတို့မှ တာဝန်ရှိအကြီးအကဲများက ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းကမ္ဗည်းတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ်သည် ကဝ- ခမေကြီး- သပြေကန်-မကြက်-သပြုကျေးရွာအုပ်စုတို့ဆက်သွယ်သွားလာနိုင်သည့် အရှည်(၃)မိုင်(၇)ဖာလုံရှိသော မြေသားလမ်းပေါ်တွင်တည်ရှိပြီး ယခုအခါကွန်ကရစ်လမ်းအဖြစ် ကဝမှ ခမေကြီးကျေးရွာအထိ(ဝ/၇.၆မိုင်×၈’×၉”)အား ဗြိတိန်နိုင်ငံပြည်သူများ၏လှူ ဒါန်းငွေဖြင့် UNDP ကပံ့ပိုးကူညီပြီး ကဝမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကျေးလက်လမ်းဦးစီးဌာနကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။