Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒီမိုကရေစီနည်းကျ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပြုလုပ်

ဒီမိုကရေစီနည်းကျ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပြုလုပ်

မေ ၂၁ (ပဲခူး)
==============================

မေလ (၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီမိုကရေစီနည်းကျ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဗြိတိန်နိုင်ငံပြည်သူများ၏ အလှူငွေနှင့် UNDP မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ် စီမံချက်များ ဆောင်ရွက်ခဲ့ရာ တတိယနှစ်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှစတင်၍ ကဝမြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ သနပ်ပင်၊ ရေတာရှည်၊ ပေါက်ခေါင်း၊ မိုးညို စသည့် မြို့နယ်များတွင် ထပ်မံချဲ့ထွင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်သည် ပြည်သူများကိုယ်တိုင်ပါဝင်၍ မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများအား ပါဝင်ခွင့်ရရှိနိုင်သလို ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိနိုင်မည်ဖြစ်၍ UK Aid ထောက်ပံ့မှုကို UNDP မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Dan Chugg က မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးတို့တွင် အမေရိကန်ဒေါ်လာ သန်း(၂၀၀)ခန့် ပံ့ပိုးကူညီပေးခဲ့ပါကြောင်း၊ ရှေ့ဆက်၍လည်း နည်းပညာများ၊ စီမံကိန်းလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ UNDP ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပေါ် ဝိုင်ဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
UNDP မှ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းမှတစ်ဆင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ထောက်ပံ့ပေးခြင်းဖြင့် UK Aid သည် ပဲခူးတိုင်းဒေသကြီးအတွင်း ကဝ၊ သနပ်ပင်၊ ရေတာရှည်၊ ပေါက်ခေါင်း၊ မိုးညိုမြို့နယ် (၅)မြို့နယ်တွင် ပြည်သူများ ပိုမိုပူးပေါင်းပါဝင်မှုရှိသော မြို့နယ်အဆင့် နှစ်စဉ်စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်အား ပံ့ပိုးကူညီခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှော့ချပေးခြင်းလုပ်ငန်းစဉ်များအား စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်များအနေဖြင့် အားလုံးအကျုံးဝင်မှုရှိသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာမှုရှိသော နည်းလမ်းများဖြင့် ပြည်သူများအား အခြေခံဝန်ဆောင်မှုများကို ထိထိရောက်ရောက် စွမ်းဆောင်ရည်ရှိရှိဖြင့် ပေးအပ်သည့်လုပ်ငန်းစဉ်များအပေါ် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Dan Chugg၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  UNDP ဌာနေကိုယ်စားလှယ် Mr. Peter Batchelor နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။