Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မေ ၂၂ (ပဲခူး)
========================

မေလ (၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးကျရောက်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပေးထားခဲ့ပြီးဖြစ်ကြောင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ်ဖြစ်ပွားတတ်သည့် မြို့နယ်များတွင် အဆောက်အဦပုံစံများ သီးခြားရေးဆွဲ ဆောက်လုပ်ရန်၊ ရေကြီးမှုဖြစ်ပွားတတ်သည့် နေရာများတွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာငွေ လျာထားမှုစနစ်ကျ ပြုစုထားရန်၊ ပြည်သူများအား အသိပညာပေးခြင်း၊ ကြိုတင်သတင်းဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ထားရန်၊ ဆည်/တမံများအတွင်းရှိ ရေများအား မိုးရေချိန်နှင့်ချိန်ညှိ၍ ရေလွှတ်ခြင်း၊ ဆည်/တမံ ကြံ့ခိုင်မှုများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရန်နှင့် ယမန်နှစ်က ဆွာရေဘေးကြောင့် အိမ်ထောင်စုများ ပြောင်းရွေ့ရေးအစီအစဉ်များအား အမြန်ဆုံး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား တင်ပြဆွေးနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပဲခူး၊ ရွှေကျင်၊ ညောင်လေးပင်၊ ကဝ၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်၊ တောင်ငူ၊ ကျောက်ကြီး၊ ဖြူး၊ ရေတာရှည်၊ ရွှေတောင်၊ မိုးညိုမြို့နယ်များတွင် အိမ်ခြေ(၂၃၆၉၇)အိမ်၊ အိမ်ထောင်စုပေါင်း (၂၅၅၆၄)စု၊ လူဦးရေ(၁၁၁၀၆၁)ဦး  အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၂၁၉)ခု ဖွင့်လှစ်ပြီး ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသည်၊ ၎င်းပြင် ဆွာဆည်တမံ ကျိုးပေါက်မှုကြောင့် မြို့နယ်(၇)မြို့နယ်တွင် အိမ်ထောင်စုပေါင်း (၆၄၄၄၄)စု၊ လူဦးရေ(၃၁၆၃၃)အတွက် ရေဘေးကယ်ဆယ်ရေးခစန်း (၈၅)ခု ဖွင့်လှစ်ခဲ့ရပြီး လယ်ယာမြေ (၂၇၃၀၇၆)ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။