Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ စံရွေးဖိုးခေါင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ စံရွေးဖိုးခေါင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မေ ၂၅ (သာယာဝတီ)
========================

မေလ (၂၅)ရက်န့၊ နံနက် (၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ ကျဗြဲပေါက်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများအတိုင်း စိစစ်ကြီးကြပ်၍ တည်ဆောက်ရန်၊ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီအနေဖြင့်လည် မိမိတို့အစိုးရ၏ တည်ဆောက်ရေးကဏ္ဍအပေါ် အထူးအထား ဆောင်ရွက်လျက်ရှိနေသည်ကို နားလည်သဘောပေါက်ရန်၊ အထူးသဖြင့် မည်သည့်အလုပ်ကိုမဆို စေတနာ၊ မေတ္တာထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ စံရွေးဖိုးခေါင်အုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ရေကြီးရေလျှံစုဝေးခန်း၌ နံနက်(၈:၃၀)အချိန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သည့် ဒီမိုကရေစီအလေ့အကျင့်အတိုင်း ပြည်သူနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသည့် ခက်ခဲသောကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် နိုင်ငံရေးစနစ်သည် ပြည်သူပါဝင်မှု အလေးပေးခြင်းအားနည်းချက်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာအရေးတို့တွင် ယိုယွင်းပျက်စီးခဲ့ကြောင်း၊ ပြည်သူများကြားတွင်လည်း လောကပါလတရားပျောက်ဆုံးပြီး တစ်ဦးနှင့်တစ်ဦး ယုံမှုမရှိတော့ဘဲ ငြိမ်းချမ်းမှုတွေလည်း ပျက်သုန်းခဲ့ရကြောင်း၊ မိမိတို့အစိုးရတက်သည့် နောက်ပိုင်းတွင် ဒီမိုကရေစီရှင်သန်ထွန်းကားနိုင်ရန် ပြည်သူကို မျက်နှာမူပြီး ရှေ့ရှုဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ အားလုံးပူးပေါင်းပြီး အကြောက်တရားကင်းစွာဖြင့် မတူကွဲပြားမှုကိုလက်ခံပြီး တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်ကာ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ကြပါစို့လို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မြစ်မခမြစ်အား ဖြောင့်ပေးခြင်း(သို့မဟုတ်)ရေထိန်းနံရံတည်ဆောက်ပေးရန်၊ စံရွေးကျေးရွာ ကျေးလက်ကျန်မာရေး အဆောက်အဦသို့ လျှပ်စစ်မီးသွယ်တန်းပေးရန်၊ စံရွေး−ညောင်ပင်သာ ဆက်သွယ်ထားလမ်း ကျောက်ကြမ်းလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ စံရွေး−မာလကာကုန်း မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မြစ်မခတံတား ချဉ်းကပ်လမ်းပေါ်တွင် ဂုံးတံတားတစ်စင်း ဆောက်လုပ်ပေးရန်၊ ဖိုးထောင် ကထက(ခွဲ)တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်၊ ကမ်းပြိုကျေးရွာနှင့် ဘိုကုန်းကျေးရွာတို့အား လျှပ်စစ်မီးသွယ်တန်းပေးရန်၊ ရွာသစ်−ဘိုကုန်းလမ်းအား ကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်၊ အိပ်လဟာကျေးရွာအုပ်စု ချုပ်ဆည်ပေါက်ရေတံခါးတည်ဆောက်ပေးရန်၊ ကျောင်းကုန်း−လိန်ကုန်းလမ်းအား မြေနီခင်းပေးရန်၊ ညောင်ပင်သာ−အိပ်လဟာ−အသရော်−ဆင်လမ်း ရွာချင်းဆက်လမ်းအား မြေနီခင်းပေးရန်၊ အိပ်လဟာကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ကမ်းပါးအား မြေထိန်းနရံ တည်ဆောက်ပေးရန်၊ သုံးဆယ်−ကျွန်းကလေး ဆက်သွယ်ရေးလမ်းအား ကွန်ကရစ်လမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန်၊ ကျွန်းကလေး−ဝဲဒေါင့်ရေကာတာ၏ ကျားလူရိုးနေရာတွင် ရေထိန်းတံခါးတပ်ဆင်ပေးရန်၊ ပညာရေးကဏ္ဍတွင် စာသင်ကျောင်းများ အဆင့်မြှင့်တင်ပေးရန်နှင့် ဆရာ/ဆရာမများ လိုအပ်ချက်ဖြည့်ဆည်းပေးရန်၊ မြစ်မခ မြစ်ကူးတံတား(၁)စင်း တည်ဆောက်ပေးရန်၊ ကျန်းမာရေးကဏ္ဍတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများအား အဆင့်မြှင့်တင်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးရန်စသည်တို့ တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခ့ကြောင်း သိရှိရသည်။
ယင်းနောက် သာယာဝတီခရိုင်အတွင်း မေလ (၁၅)ရက်နေ့မှ (၂၂)ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အဆောက်အဦ(၂၃၉၃)ခု၊ ပြိုလဲအဆောက်အဦ (၂၁၆)ခုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၆၄၀၁၀ဝိ/−)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများ စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။