Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ ယွန်းသွယ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ ယွန်းသွယ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မေ ၂၅ (လက်ပံတန်း)
========================

မေလ (၂၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ သရက်ချောင်း(အထက)၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကြောင့် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပျက်စီးခဲ့ကြောင်း၊ တခြားနိုင်ငံများ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည့် နိုင်ငံများသည် အရှိန်အဟုန်ဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ခဲ့ကြောင်း၊ ဒီအခြေအနေကို ပြန်လည်ထူထောင်ရန်အတွက် အစိုးရအနေဖြင့် ဒီမိုကရေစီ သဘောတရားများ ရှင်သန်ရန် ကြိုးစားနေရသလို ပြည်သူများကိုယ်တိုင်ကလည်း ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ၏ အဓိကရေသောက်မြစ်ဖြစ်သော ပညာရေးစနစ်များကို နှစ်အပိုင်းအခြားအလိုက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်စေရန် စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းသည် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်း၊ မေတ္တာတရားကို အခြေခံပြီး လူသားဝါဒစစ်စစ် ဖော်ထုတ်ခြင်း စသည်တို့ပင်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာများထက် စိတ်ပိုင်းဆိုင်ရာများကို ဒီမိုကရေစီသဘောတရားနှင့်အညီ ပြုပြင်ပြောင်းလဲကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မိုးဆယ်ကျေးရွာနှင့် ဥတိုကျေးရွာ ဆက်သွယ်ထားသည့် ကျေးလက်လမ်းကိစ္စ၊ ဆင်မနီ−နန်းတော်ဦး−ခမုံလမ်းအား အဆင့်မြှင့်တင်ပေးရန်၊ မိုးဆယ်ကျေးရွာနှင့် အောင်သုခကျေးရွာ ချောင်းကူးတံတားကိစ္စ၊ ချမ်းသာကုန်းကျေးရွာအုပ်စုနှင့် သုံးထောင့်ကန်ကျေးရွာအုပ်စု မူလတန်းကျောင်းမြေပေါ်ရှိ ကျေးလက်လမ်းကိစ္စ၊ ရွှေကြို့ပင်−ဝင်အိုင်ကျောင်း ဆက်သွယ်ရေးလမ်းချဲ့ပေးရန်ကိစ္စ၊ ချောင်းဆုံ− တော်ကလပ်အုပ်စု ဆက်သွယ်ရေးလမ်းကိစ္စ၊ မဟာဗျူဟာ−လက်ပံတန်း−ဟင်္သာတလမ်းပေါ်ရှိ ဒေါင်းတက်ချောင်းတံတား ရေလမ်းကြောင်းပိတ်ဆို့နေမှုကိစ္စ၊ ခမုံ−ထိန်တောဆက်သွယ်ရေးလမ်း ပြန်လည်ပြုပြင်ပေးရန်ကိစ္စ၊ တော်လဿကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန လိုအပ်နေမှုကိစ္စ၊ ရေကြည်ကျေးရွာအုပ်စု၌ ကျေးလက်ကျန်းမာရေးအဆောက်အဦ ဆောက်လုပ်ပေးရန်နှင့် ကျန်းမာရေးဆရာမ ချထားပေးရန်၊ စိုက်ပျိုးရေးအထွက်တိုးစခန်း(၅) ပျက်စီးနေမှုအား ပြင်ဆင်ပေးရန်၊ ကိုင်းတောစုကျေးရွာရှိ DY 3 , DY 4 ဆည်မြောင်းနှင့် ရေကြည်ရိုးအား ပြန်လည်တူးဖော်ပေးရန်၊ ဖိုးကတိုးရေတံခါးအသစ် ပြန်လည်တပ်ဆင်ပေးရန်နှင့် ၂၀၁၉−၂၀၂၀ ခုနှစ် နွေစပါး စိုက်ပျိုးရေးရရှိရေး ဆောင်ရွက်ပေးရန်၊ မကျီးကွင်းစားကျက်မြေဆိုင်ရာကိစ္စ၊ သရက်ချောင်း စာသင်ကျောင်းဆောင်အား တိုးချဲ့ပေးရန်၊ ရေကြည်ကျေးရွာ အလယ်တန်းကျောင်း ကျောင်းဆောင်ပျက်စီးနေမှုအား ပြင်ဆင်ပေးရန်၊ ငါးသားပေါက်ရှာဖွေရေးအတွက် လုပ်ငန်းလိုင်စင်ချထားပေးရန်၊ သာရဝေါကျေးရွာအုပ်စု၌ မြန်မာ့မီးရထားလမ်းကြောင်း (၁)ကြိမ်လျှော့ထားခြင်းအား အကြိမ်ပြည့် ပြန်လည်ပြေးဆွဲပေးရန်၊ ကုလားချောင်းကျေးရွာပိုင် မြေနုကျွန်းဆိုင်ရာကိစ္စတို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တော်လဿ(အထကခွဲ)ကျောင် ပြင်ဆင်ထိန်းသိမ်းရေးအတွက် ငွေကျပ်(၄၅)သိန်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။