Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

ဇွန် ၇ (နေပြည်တော်)
=============================

ဇွန်လ (၇)ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။
အဆိုပါ အစည်းအဝေး၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် Slow Sand Filter နည်းဖြင့် ရေသန့်စင်၍ ရေပေးဝေလျက်ရှိနေမှုအခြေအနေ၊ ဆည်တမံများမှတစ်ဆင့် စိုက်ပျိုးရေးအပြင် သောက်သုံးရေပါ ဖြန့်ဝေပေးသွားမည့် အစီအစဉ်၊ ဝေါ၊ သနပ်ပင်၊ ကဝစသည့် မြို့နယ်များတွင် သောက်သုံးရေကန်များအား ပြန်လည်တူးဖော်ပေးခြင်း၊ ကန်ပတ်လည် သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားမှု အခြေအနေ၊ မြို့ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ သီးခြားဘတ်ဂျက် ရေးဆွဲတင်ပြ ဆောင်ရွက်သွားမည့် အခြေအနေ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများတွင် မိုးရေအား  စနစ်တကျသိုလှောင်၍ သုံးစွဲနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက (၂၇)သိန်းကျော် ရှိပြီး ရေမြေဒေသအလိုက် ရာသီဥတုနှင့်ကိုက်ညီသော မျိုးစေ့များ၊ စိုက်ပျိုးနည်စနစ်များ ပညာပေးဆောင်ရွက်လျက်ရှိကြောင်းကိုလည်းကောင်း၊ ဆည်/တမံမှ ရေလွှတ်မြောင်း တည်ဆောက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံ၊ ပင်လယ်ဆားငံရည်ဝင်ရောက်သည့် ဒေသများတွင် ပြည်မြန်မာစိန် ရေမြှုပ်ခံမျိုးစပါး ဖြန့်ဝေးပေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းကောင်း၊ ပဲခူးရိုးကအား သဘာဝဂေဟစနစ်များ ထိန်းသိမ်းရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြုပြင်နိုင်ရေး လိုအပ်ချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီ:အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက Cyclone Shelter (၅)ခုသာရှိပြီး ထပ်မံ၍ ကဝ၊ ဝေါ၊ ရေတာရှည်၊ ရွှေကျင်မြို့နယ်တို့အတွက် Cyclone Shelter (၄)ခု လိုအပ်ကြောင်းနှင့် ကဝ၊ သနပ်ပင်၊ မင်းလှမြို့နယ်များအတွက် သယ်ယူပို့ဆောင်ရေးယာဉ်(၁)စီး ထောက်ပံ့ပေးနိုင်ရေး၊ ပြည်မြို့နယ်တွင် Pilot Project သဘာဝဘေးအာမခံစနစ်ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြစ်ပေါ်ရှိ ဇောင်းတူရေအားလျှပ်စစ် ရေထုတ်လွှတ်မှုစနစ်အား ပဲခူးမြို့ရေကြီးရေလျှံမှု လျော့ချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။