Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

ဇွန် ၈ (ရေတာရှည်)
=========================

ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ တုံးကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇွန်လ (၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတွေကြားတွင် ရှိသော ပြဿနာရပ်များ၊ အခက်အခဲများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ကူးပြောင်းရာမှာ ပြည်သူများအနေဖြင့် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တက်သော ဒီမိုကရက်တစ် အခြေခံအသိတရားရှိရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပါးစပ်နှင့်ပြောနေသော ဒီမိုကရေစီဝါဒမဟုတ်ပဲ အမှန်တကယ် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ရဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်တစ်ခုဖြစ်သော ဒီမိုကရေစီ၏ အခြေခံရေသောက်မြစ်ဖြစ်သည့် ပညာရေးစနစ်အား ပူးပေါင်းဆွေးနွေး အဖြေရှာတတ်သည့် ဒီမိုကရေစီပညာရေးစနစ်သစ်ကို နှစ်အလိုက် ပြုပြင်လဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရသည် နိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ နိုင်ငံ့အရေးကိုသာ ရှေးရှုဆောင်ရွက်ပြီး အနာဂတ်အတွက် တန်ဖိုးရှိသော အသိပညာကိုအခြေပြုသော လူစွမ်းအားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစနစ် ရှင်သန်ပြီး ချမ်းငြိမ်းသော လူအဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော သူအသိုက်အဝန်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်းနှင့်
ဒီမိုကရေစီသည် လူသားဝါဒကို အခြေပြုပြီး လူတစ်ဦးချင်းစီကို ဥပဒေအရ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးသော နေပျော်ဖွယ်လူ့အသိုင်းအဝန်းတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ စာသင်ကျောင်းများ အဆင့်မြှင့်တင်ပေးရန်၊ ကျောင်းဆရာ/ဆရာမများ ထပ်မံချထားပေးရန်နှင့် စာသင်ဆောင်များ တိုးချဲ့ဆောင်ရွက်ပေးရန်၊ မြေလွတ်မြေရိုင်းများအား ဒေသခံပြည်သူများ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိရေးနှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။