Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပ

ဇွန် ၁၂ (ပဲခူး)
===============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှု လျော့နည်းကျဆင်းရေး အသိပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခင်က မိုးရာသီမှသာဖြစ်ပွားလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားမှုရှိလာပြီး ဇွန်၊ ဇူလှိုင်နှင့်သြဂုတ်လများတွင် ဖြစ်ပွားမှုပိုမိုများပြားနိုင်သဖြင့် ယခုအချိန်မှစတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများသာမက လူမှုရေးအဖွဲ့အစည်းများ၊ မြို့သူမြို့သားများအားလုံး ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးတိတိကျကျ မရှိသေးသောကြောင့် ရောဂါကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ/သားများမှာ အဖြစ်များသည့်အတွက် ပညာရေးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ကျောင်းများမှာ ပညာပေးဟောပြောပွဲများပြုလုပ်ပြီး ပညာပေးအချက်အလက်များကို “ကလေးမှကလေး”၊ “ကလေးမှမိဘထံ”သို့ ဖြန့်ဝေပေးဖို့လိုကြောင်း၊ ခြင်လောက်လန်းနှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများမှာ ဆရာ/မများ၊ ကျောင်းသား/သူများ အင်အားတစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့(ရပကန)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင့်ဖြိုးသန်းက တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များအားဆွေးနွေးမေးမြန်းရာ ဒေါက်တာဝင့်ဖြိုးသန်းမှ ပြန်လည်ဖြေကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက အသိပညာပေး ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြပြီး ကျောင်းသား/ကျောင်းသူများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဘူးသော ကလေးမိဘများ၊ ရပ်ကွက်နေပြည်သူများ၊ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွင် ပါဝင်ကူညီသော အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက အုပ်စုဖွဲ့၍ သွေးလွန်တုပ်ကွေးရောဂါအကြောင်း စကားဝိုင်းဆွေးနွေးကြသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိနေသောကြောင့် မိုးရွာသွန်းမှုများသည့် ဇွန်၊ ဇူလှိုင်လများတွင် ပိုမိုများပြားမလာစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာမှာ ကျန်းမာရေးဌာနနှင့်အတူ မိတ်ဘက်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၅ခုနှစ်သည် သွေးလွန်းတုပ်ကွေးရောဂါအများဆုံးဖြစ်ပွားခဲ့သည့်နှစ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူမှာ(၃၂၂၇)ဦးဖြစ်သည်။ ရောဂါဖြစ်ပွားခြင်းကြောင့် သေဆုံးသူအများဆုံး ဖြစ်ပွားသောနှစ်သည် ၂၀၀၉ခုနှစ်ဖြစ်ပြီး(၃၃)ဦးသေဆုံးခဲ့သည်။ ၂၀၁၈ခုနှစ်တွင် (၁၂၅၄)ဦးဖြစ်ပွားခဲ့ပြီး (၁၀)ဦးသေဆုံးခဲ့သည်။ ယခု၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ(၁၆၃)ဦးရှိပြီး (၁)ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။