Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဇွန် ၁၂ (ပဲခူး)
=================

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်အပေါ်ထပ်တွင် ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအပြင်၊ ယနေ့ဆွေးနွေးမည့်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညွှန်ကြားချက်များအားသေချာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင်လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အား တောင်သူလယ်သမားများအမည်ပေါက် အမြန်ရရှိနိုင်ရေးဆောင်ရွက်ပေးကြရန်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူ းဦးမင်းသိန်းက အလုပ်ရုံဆွေးနွေးကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၂၀၁၂ခုနှစ် မတ်လတွင်လယ်ယာမြေဥပဒေအား အတည်ပြုပြဌာန်းပြီးနောက် နည်းဥပဒေအပိုဒ်-၂၄အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညွှန်ကြားချက်အမှတ်-၂/၂၀၁၉၊ ၃/၂၀၁၉၊ ၄/၂၀၁၉များဖြင့်ညွှန်းကြားပြီးဖြစ်ကြောင်း အဆိုပါညွှန်ကြားချက်များအား ယခု၂၀၁၉ခုနှစ်ဇွန်လမှစတင်၍ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့်ပါတ်သက်ပြီး စာချုပ်ချုပ်ဆို၍သတ်မှတ်ထားသည့် အခွန်နှုန်းထားများပေးဆောင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အားအမည်ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့အမည်ပေါက်ရရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် အစိုးရမှအသိအမှတ်ပြုထားသည့် ဘဏ်များတွင်စိုက်ပျိုးစရိတ်များ ချေးယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များနှင့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များတက်ရောက်ကြကြောင်း သတင်းရရှိသည်။