Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်ကမ်းလှမ်း

ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်ကမ်းလှမ်း

ဇွန် ၁၂ (ပဲခူး)
==============================

ဇွန်လ (၁၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့  ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး  TUN Electronic Trading Co., Ltd မှ လာရောက်ကမ်းလှမ်းခဲ့သည်။
ရှေးဦးစွာ TUN Electronic Trading Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးကျော်ကျော်ထွန်းက ပဲခူးမြို့အဝင်၌ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အပန်းဖြေစခန်းတွင် စားသောက်ဆိုင်များ၊ အဆင့်မြှင့် ကစားကွင်းများ၊ အပန်းဖြေရန် နေရာများ စသည်တို့  ပါဝင်မည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ(၁၀)သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က အပန်းဖြေစခန်းတည်ဆောက်ခြင်းသည် မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိနိုင်ကြောင်း၊ ရန်ကုန်၏ မြို့ပြမွန်းကြပ်မှုများကို ရှောင်ရန်နေရာတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့တိုင်းဒေသကြီးအတွက်လည်း အခွန်ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် စီမံချက်အသေးစိတ်အား ပြန်လည်တင်ပြရန် ပြောကြားခဲ့သည်။
အဆိုပါ အပန်းဖြေစခန်းတည်ဆောက်ခြင်းသည် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ TUN Electronic Trading Co., Ltd မှ ဦးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။