Home / ညောင်လေးပင်မြို့နယ် / ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာအုပ်စု ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပ

ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာအုပ်စု ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပ

ဇွန် ၁၅ (ညောင်လေးပင်)
=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က  ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်သို့ သွားရောက်ပြီး ဂျို့ပင်ကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ) ရတနာ့ဂုဏ်ရည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတွေကြားတွင် ရှိသော ပြဿနာရပ်များ၊ အခက်အခဲများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ကူးပြောင်းရာမှာ ပြည်သူများအနေဖြင့် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တက်သော ဒီမိုကရက်တစ် အခြေခံအသိတရားရှိရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပါးစပ်နှင့်ပြောနေသော ဒီမိုကရေစီဝါဒမဟုတ်ပဲ အမှန်တကယ် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ရဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော သူအသိုက်အဝန်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီသည် လူသားဝါဒကို အခြေပြုပြီး လူတစ်ဦးချင်းစီကို ဥပဒေအရ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးသော နေပျော်ဖွယ်လူ့အသိုင်းအဝန်းတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဂျို့ပင်ကျေးရွာအုပ်စုနှင့် ပြန်တန်ဆာမြို့မ(၄)၊ စီပင်ကျေးရွာအုပ်စု၊ သံတံတား၊ ချောင်းရင်း၊ ဝဲဝန်းကျေးရွာအုပ်စုများမှဒေသခံပြည်သူများက မြေနုကျွန်းနှင့်သိမ်းဆည်းလယ်ယာမြေကိစ္စ၊ ဘောလုံးကွင်းမြေနေရာကိစ္စ၊ ဘဏ်ချေးငွေနှင့်ပတ်သက်၍ ငွေဖြတ်တောက်ခြင်းကိစ္စ၊ ဆည်းမြောင်ဆိုင်ရာကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စ၊ စိုက်ပျိုးသီးနှံရေရရှိရေးကိစ္စ၊ ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်နှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။