Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဇွန် ၁၈ (ပဲခူး)
==================

ဇွန်လ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမျိုးသားပွဲစဉ်၌ ပဲခူးမြို့နယ်အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်း၊ အမျိုးသမီးပွဲစဉ်၌ မင်းလှမြို့နယ်အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ကြည့်ရှုအားပေးကြပြီး အမျိုးသားပြိုင်ပွဲတွင် ပဲခူးမြို့နယ်အသင်းမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဝေါမြို့နယ်အသင်းမှလည်းကောင်း အနိုင်ရဗိုလ်စွဲသွားကြသည်။
ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ (၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော အမျိုးသား ရွှေတောင်မြို့နယ်အသင်းနှင့် အမျိုးသမီး ထန်းတပင်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်နှင့် သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသောအမျိုးသား ပေါင်းတည်မြို့နယ်အသင်းနှင့် အမျိုးသမီး မင်းလှမြို့နယ်အသင်းတို့အား တိုင်းဒေသကြီးကားအစားနှင့် ကာပညာဆပ်ကော်မတီဝင် ဦးဆန်နီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့ကလည်းကောင်း၊ ပထမဆုရရှိသောအမျိုးသား ပဲခူးမြို့နယ်အသင်းနှင့် အမျိုးသမီး ဝေါမြို့နယ်အသင်းတို့အား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဌေးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်တို့ကလည်းကောင်း၊ အမျိုးသားအကောင်းဆုံးအားကစားဆုနှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသောအမျိုးသား ပဲခူးမြို့နယ်အသင်းနှင့် အမျိုးသမီးဝေါမြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုများကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား နိုင်ငံတော်၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရန်အတွက် ဇွန်လ(၁၄)ရက်နေ့မှ (၁၈)နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း(၂၈)သင်း၊ အမျိုးသမီးအသင်း(၂၇)သင်း ပြိုင်ပွဲဝင်ဦးရေ(၃၉၂)ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။