Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်ရေး လာရောက်ကမ်းလှမ်း

ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်ရေး လာရောက်ကမ်းလှမ်း

ဇွန် ၁၈ (ပဲခူး)
==========================

ဇွန်လ(၁၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်ရေး Kol Global Co., Ltd မှ ဦးတင်မောင်နိုင် ဦးဆောင်သော ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဦးတင်မောင်နိုင်က ထိုင်းနိုင်ငံတွင် သဘာဝအခြေပြု အပန်းဖြေစခန်းများ၊ ပရဆေးဥယျာဉ်များ၊ သြဂဲနစ်သီးပင်စားပင်များ စိုက်ပျိုးနေမှု အခြေအနေများအား Video Click ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမှ ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်မည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သြဂဲနစ်သီးနှံစိုက်ခင်းများ တည်ထောင်ခြင်းအားဖြင့် ဓာတုကင်းလွတ်သည့် အန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် ပြည်တွင်းစားသုံးသူများအတွက် အလွန်အကျိုးရှိစေနိုင်ကြောင်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မီးခိုးမထွက်သည့် စက်ရုံများ တည်ဆောက်ခြင်းဖြစ်၍ တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေခြင်းတို့ကြောင့် အဆိုပါလုပ်ငန်း ဆောင်ရွက်မည့်အပေါ် ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် စီမံချက်အသေးစိတ်အား တင်ပြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  Kol Global Co., Ltd မှ ဦးတင်မောင်နိုင် ဦးဆောင်သော ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။