Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူးမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ဇွန် ၁၉ (ပဲခူး)
==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ပြီး ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ ကန်တော်ကြီးကြိုးပြင်ကာကွယ်တောအတွင်း၌ ၂၀၁၉ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပဲခူးတက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပြည်သူများ တက်ရောက်ကြပြီး ပျိုးပင်ပေါင်း(၁၃၅၀၀)ပင်ကို စိုက်ပျိုးပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သင်းဝင်၊ ပိတောက်၊ မဟော်ဂနီ၊ ထောက်ကြန့်၊ ယမနေ၊ ယင်းမာ၊ သင်္ကန်း၊ ငုရွှေဝါ၊ ပျဉ်းမ၊ ဝါးဘိုးကြီး၊ တင်းဝါး၊ မျှင်ဝါး၊ သိုက်ဝါးစသည့် သစ်ပင်ပေါင်း(၁၃၅၀၀)ပင်အား ကန်တော်ကြီး ကြိုးပြင်ကာကွယ်တောအတွင်း ဧရိယာ(၁၃၁၀)ဧကရှိသည့်အနက် ဧက(၂၀)တွင် စိုက်ကွက်များဖေါ်၍ ကန်တော်ကြီး ရေဝင်ရေလဲဧရိယာ ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူများအနေဖြင့် ပရဆေးပင်များကို လာရောက်လေ့လာနိုင်ရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။