Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေး Myanmar Blue Sky Rescue Development Council မှ လာရောက်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေး Myanmar Blue Sky Rescue Development Council မှ လာရောက်တွေ့ဆုံ

ဇွန် ၁၉ (ပဲခူး)
========================

ဇွန်လ (၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် Myanmar Blue Sky Rescue Development Council မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Mr. David Liu က မိမိတို့အဖွဲ့အစည်းသည် တရုတ်နိုင်ငံတွင် အကြီးစား ကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သော ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ ပင်လယ်ပြင်ကယ်ဆယ်ရေးစသည့်တို့ ကူညီဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း(၁၃)နှစ်ကျော်ခန့် ရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အကြီးစားကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ တောင်နဝင်းဆည်တမံကိစ္စနှင့်ပတ်သက်၍ ကယ်ဆယ်ရေးသင်တန်းများလည်း သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းပေးခြင်းတို့အား မိမိတို့အဖွဲ့အစည်းကုန်ကျစရိတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် သင်တန်းပေးခြင်းကိစ္စရပ်များကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က Myanmar Blue Sky Rescue Development Council ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ပရိဟိတလုပ်ငန်းဖြစ်ပြီး နည်းစနစ်တကျ ကယ်ဆယ်ရေးလုပ်ငန်းများ၊ သင်တန်းများ ဆောင်ရွက်မှုကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးနှင့်ပတ်သက်သည့် သင်တန်းပေးခြင်း ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  Myanmar Blue Sky Rescue Development Council မှ Mr. David Liu နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။