Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးဒေသတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဆောင်ရွက်နိုင်ရေး Macau အဖွဲ့မှ လာရောက်တွေ့ဆုံ

ပဲခူးဒေသတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဆောင်ရွက်နိုင်ရေး Macau အဖွဲ့မှ လာရောက်တွေ့ဆုံ

ဇွန် ၁၉ (ပဲခူး)
=======================

ဇွန်လ (၁၉)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးဒေသတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဆောင်ရွက်နိုင်ရေး Macau အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ Macau- Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr. Tim Wong က ပဲခူးဒေသတွင် သဘာဝဓါတ်ငွေ့ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် မြန်မာနှင့်မကာအို ချစ်ကြည်ရေးစက်မှုနယ်မြေ ထူထောင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဓါတ်ငွေ့ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုနယ်မြေ တည်ထောင်ခြင်းနှင့်ပတ်သက်၍ တည်ဆောက်မည့် စက်ရုံအမျိုးအစား၊ လိုအပ်သည့် မြေဧရိယာ အသေးစိတ်အား တင်ပြပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Macau- Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr. Tim Wong နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။