Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အစိုးရယန္တရားလည်ပတ်ရာတွင် ဝန်ထမ်းမျာအနေဖြင့် အောက်ခြေစာဝင်/စာထွက် အဆင့်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

အစိုးရယန္တရားလည်ပတ်ရာတွင် ဝန်ထမ်းမျာအနေဖြင့် အောက်ခြေစာဝင်/စာထွက် အဆင့်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

ဇူလိုင် ၁ (ပဲခူး)
===========================

ဇူလိုင်လ (၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် (၃)နှစ်ကျော် ကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အချက်များ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့သလို ဝန်ထမ်းများကိုလည်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို တစ်ပါတည်းဆောင်ရွက်ရခဲ့ကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်စေရန် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ဝန်ထမ်းများသည် ပြည်သူများအတွက် ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန် လိုအပ်ကြောင်း၊ e-Government စနစ်ကို စတင်ဆောင်ရွက်နေပြီဖြစ်၍ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များအပြင် ဝန်ထမ်းတစ်ဦးချင်း iT နည်းပညာ တိုးတက်မြှင့်မားရန် လိုအပ်လာပြီဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲများတွင် ပြည်သူများတင်ပြသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား အသိပေးအကြောင်းကြားခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းများ ဆောင်ရွက်ကြရန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အခွန်(၄)မျိုး ကောက်ခံရာတွင် အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူခြင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ပြည့်ဝစွာရရှိရေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ အဂတိတရားကင်းရှင်းပြီး စိတ်ရင်းစေတနာအမှန်ဖြင့် ရုံးလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက မိမိတို့အစိုးရအဖွဲ့(၃)နှစ်ကျော် သက်တမ်းကာလအတွင်း ရုံးလုပ်ငန်းများကို အတူတကွ အောင်မြင်စွာ ထမ်းဆောင်ပေးခဲ့မှုကို ကျေးဇူးတင်ရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် အခြားဌာနရှိ ဝန်ထမ်းများထက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ပိုမိုဆောင်ရွက်ရသလို ဝန်ထမ်းအင်အားကောင်းသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်၍ သန့်ရှင်းသောအုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာနိုင်စေရေး ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်တို့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးလုပ်ငန်းဆိုင်ရာများနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်ဆက်ဆက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးလက်အောက်တွင် ထားရှိခဲ့သဖြင့် ပြည်သူများ၏  အမြင်တွင် စစ်တပ်မှတိုက်ရိုက်အုပ်ချုပ်ခြင်း၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့ အထင်အမြင်လွဲမှားမှုများ ရှိခဲ့ရပြီး မိမိတို့အစိုးရလက်ထက် (၂)နှစ်ကျော်ခန့်ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး လက်အောက်သို့ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုအဆင့်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက််ရာတွင် ပိုမိုအားကောင်းလာသည်ကို မြင်တွေ့ရကြောင်း၊ မိမိတို့ ဒီမိုကရေစီအစိုးရလက်ထက်တွင် အစိုးရ၏ပင်မကြောရိုးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စံပြဝန်ထမ်းများဖြစ်စေရန် သီလလုံခြုံမှု၊ ကိုယ်စီစွမ်းရည်ထက်မြတ်မှု၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ လိမ္မာပါးနပ်မှုတို့ဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေလို့ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။