Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ၌ သစ်ပင်ချစ်သူများဖိုရမ်သို့ တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ၌ သစ်ပင်ချစ်သူများဖိုရမ်သို့ တက်ရောက်

ဇူလိုင် ၆ (ပဲခူး)
================

ဇူလိုင်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက်တောစခန်းကျောင်းတွင် ၂၀၁၉ ခုနှစ် သစ်ပင်ချစ်သူများဖိုရမ် အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပန်းပျိုးလက်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသက အဖွင့်သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က အမှာစကားပြောကြားကာ သစ်ပင်ချစ်သူများဖိုရမ် ကျင်းပပြုလုပ်နိုက်ရေးအတွက် အလှူရှင်များမှ အလှူငွေပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က လက်ခံရယူကြသည်။
ထို့နောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး “အမိမြေစိမ်းလန်းရေး ရေရှည်မျှော်ကာတွေး” ခေါင်းစဉ်ဖြင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောပညာရှင် ဦးတင်အေး၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်စင် စသည့် ပညာရှင်(၃)ဦးက ဆွေးနွေးကြသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ဖြင့် “လူများကလက်ခံထားသည့် တာဝန်ယူရမည့်အခြေအနေ” နှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ရှေ့နေချူပ်ရုံးမှ ကိုယ်စားလှယ်၊ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ကိုယ်စားလှယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကိုယ်စားလှယ် ဦးစခင်ဇော်လင်းတို့က ဆွေးနွေးကြသည်။
ပဲခူးရိုးမဒေသတွင် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်တောစိုက်ခင်း ဧက(၅၀၀၀) စိုက်ပျိုးတည်ထောင်ခြင်း၊ နှစ်စဉ်လူထုဖြန့်ပျိုးပင်(၁၄)သိန်း ဖြန့်ဝေစိုက်ပျိုးခြင်းနှင့် သစ်တောဖုံးလွှမ်းလျှက်ရှိသည့် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေများတွင်နှစ်စဉ် (၃၃၀၀)ဧကခန့်တို့ကို ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော တိုးချဲ့ဖွဲ့စည်းပေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး ယခု ၂၀၁၉ ခုနှစ် ဇွန်လ(၁၉)ရက်နေ့ကလည်း ပဲခူးမြို့နယ် ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တောအတွင်း သစ်မာပင်မျိုးစုံ (၁၃၅၀၀)ပင်ကို စိုက်ပျိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၁၉ ခုနှစ် သစ်ပင်ချစ်သူများဖိုရမ် အစည်းအဝေးအား မြန်မာတစ်နိုင်ငံလုံးရှိ သစ်ပင်စိုက်ပျိုးလှူဒါန်းနေကြသော ပရဟိတအဖွဲ့ပေါင်း(၁၅၀)ကျော်မှ ကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သစ်ပင်ချစ်မြတ်နိုးကြသူများ တွေ့ဆုံကြပြီး အမိမြန်မာပြည် အစိမ်းရောင်အနာဂတ်အတွက် ထိရောက်ကောင်းမွန်သော သစ်ပင်စိုက်ပျိုးထိန်းသိမ်းမှုများ ဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ ဇူလိုင်လ(၆)ရက်နေ့မှ (၇)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ(၂)ရက် ကျင်းပပြုလုပ်မည်ဖြစ်သည့်အပြင် ထိရောက်သော ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည်ရေး၊ ရိုးမကြီးများ ပြန်လည်ရှင်သန်လာစေရေးနှင့် ပုဂ္ဂလိကသစ်တောများ ပြန်လည်စိုက်ပျိုးခြင်း၊ သစ်တောပြုန်းတီးမှုဆိုင်ရာ ထိရောက်သည့် ပညာပေးလုပ်ငန်းများနှင့် တိကျသောမူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစိတ်များ ရေရှည်ရှင်သန်ရေးနှင့် အောင်မြင်သောသစ်ပင်စိုက်ပျိုးခြင်း နည်းပညာများအကြောင်းစသည့် ခေါင်းစဉ်(၅)မျိုးအား အုပ်စုလိုက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။