Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အင်းတကော်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း အင်းတကော်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇူလိုင် ၆ (ပဲခူး)
==================

ဇူလိုင်လ (၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်  ဦးဝင်းသိန်းသည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကုမုဒြာခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်သူများကြားရှိ ပြဿနာများကို လူထုတွေ့ဆုံပွဲမှတစ်ဆင့် ဖြေရှင်းရန် လမ်းညွှန်ခဲ့သဖြင့် မိမိတို့အနေဖြင့် ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာများနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအကြား ဖြစ်ပေါ်နေသည့် ပြဿနာကို ထဲထဲဝင်ဝင် အရှိန်အဟုန်ဖြင့် ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲများကို မြို့နယ်/ကျေးရွာများအလိုက် ပြုလုပ်ပေးနေရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်ကာလများတွင် ပြဿနာများကို အာဏာ/အင်အားသုံး၍ ဖြေရှင်းခဲ့သဖြင့် လူထုကြားတွင် မကျေနပ်မှုများ၊ အညှိုးအတေးများ ဖြစ်ပေါ်လာရာမှတစ်ဆင့် ခွဲခြားမှုများ၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုများနည်းပါးလာကာ နောက်ဆုံးအဆင့် ပြည်တွင်းစစ်ဖြစ်ပွားတာပဲ ရရှိခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီဝါဒတွင် ပြဿနာများကို မေတ္တာတရားရှေ့ထား၍ အားလုံးပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် ဥပဒေကို အကြောက်တရားဖြင့် လိုက်နာခြင်းမဟုတ်ဘဲ မိမိတို့ပင်ကိုယ် အသိစိတ်ဓါတ်ဖြင့် လေးစားလိုက်နာရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက အမှတ်(၁)ရပ်ကွက်တွင် စက်ရေတွင်းနှင့် အများသုံးရေကန် ဆောင်ရွက်ပေးရန်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ သိမ်းဆည်းခဲ့သည့်မြေများအတွက် လျော်ကြေး၊ နစ်နာကြေးရရှိရေး ဆောင်ရွက်ပေးရန်၊ ဘိုးတဲမြေအား မြို့ပိုင်အမြေအဖြစ် ပြန်လည်ချထားပေးရန်၊ ဘောလုံးကွင်း အဆင့်မြှင့်တင်ပေးရန်၊ ရန်ကုန်-မန္တလေး ကားလမ်းမဘေးဝဲ/ယာ ရေမြောင်းတူးဖော်ပေးရန်၊ စျေး(၁)စျေးပြုလုပ်ပေးရန်၊ မြို့မြေငှားဂရန် ထုတ်ပေးနိုင်ရန်၊ ကွင်းအမှတ်(၁၁၈၈)နှင့် (၁၁၈၁)အတွင်းရှိ တောင်သူများအား လေတပ်ဧရိယာအတွင်းမှ ဖယ်ရှားခိုင်းနေမှုအား ကူညီဆောင်ရွက်ပေးရန်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ ကွင်းဆင်းဆောင်ရွက်ပေးရန်၊  သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မူလလက်ငုတ်လယ်သများအား ပိုင်ဆိုင်မှုရရှိရေးနှင့် ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန်၊ ထုံးကြီး-ကင်းပိုင်ကျုံလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ထုံးကြီးကျေးရွာအုပ်စု ရေအေးစမ်းချောင်းလယ်၌ ဆောက်လုပ်ထားသော လူနေအိမ်(၂)လုံးအား ဖယ်ရှားပေးရန်နှင့် ချောင်းကောမြေအား ပြန်လည်တူးဖော်ပေးရန်၊ မှော်လုံကျေးရွာ၌ မိမိပိုင်လယ်မြေအတွင်း ကျူးကျော်အဆောက်အဦ ဆောက်လုပ်ထားမှုအား ဖယ်ရှားပေးရန်၊ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်မှ သိမ်းဆည်းထားသည့်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊ မှော်လုံချောင်းကော်မြေအား ပြန်လည်သိမ်းဆည်းပေးရန်၊ ဘုရားငုတ္ထိုကျေးရွာအုပ်စုရှိ ပယ်မြေအား စိုက်ပျိုးလုပ်ကိုင်နေမှုအပေါ် ပြန်လည်သိမ်းဆည်းပေးရန်၊ ကျောက်တန်းစံပြကျေးရွာရှိ ဆယ်မိုင်ကုန်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးရန်၊ အမှတ်(၁၀၁)မှ သိမ်းဆည်းထားသည့် မြေ(၄)ဧကခန့်ရှိ ခြံ(၆)ခြံအား မူလပိုင်ရှင်များ ပြန်လည်နေထိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။