Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဦးထွန်းထွန်းဦး အမည်စာရင်းအား ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြု

ဦးထွန်းထွန်းဦး အမည်စာရင်းအား ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြု

ပဲခူး ဇူလိုင် ၉

======================

ဇူလိုင်လ(၉)ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးတစ်ဦး အမည်စာရင်းအား အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၆)ဦးအနက် (၆၈)ဦး(၈၇.၄၇)%တက်ရောက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးထွန်းထွန်းဦး ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)အား ကန့်ကွက်သူမရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေငြာခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှတ်တော်မှအတည်ပြုသော ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးသည် အမှတ်(၃၈)လမ်း၊ အုတ်ဖို(၁)ရပ်ကွက်၊ ပေါင်းတည်မြို့တွင် နေထိုင်လျက်ရှိပြီး B.Sc(Chemistry) ဖြင့် ဘွဲ့ရရှိခဲ့ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲရလဒ်(၂၈၂၁၉)ဖြင့် (၇၀.၂၃)%ဖြင့် ရွေးချယ်တင်မြှောက်ခံရသူဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အစိုး၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင်နှင့် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး၊ (၈-၂-၂၀၁၆)ရက်နေ့မှ (၈-၂-၂၀၁၉)အထိ ကြယ်ပွင့်ပြ မေးခွန်း(၁၃)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း(၃၈)ခုတို့အား မေးမြန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။