Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

ဇူလိုင် ၉ (ပဲခူး)
===============

ပဲခူးမြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA)နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Koica CCC)တို့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း စွမ်းအားမြင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဒါရိုက်တာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကိုရီယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနမှ Mr.Seojoon Heo ကနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ စဉ့်အသင်းမှ မီးဖိုထုတ်လုပ်သူ ဦးမြင့်အောင်က စွမ်းအားမြှင့်မီးဖို အသုံးဝင်ပုံအား ရှင်းလင်းဆွေးနွေးတင်ပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က မီးဖိုများဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် သစ်တောပြုန်းတီးမှုကိုလျော့ချရန် ထင်းကုန်သက်သာပြီး မီးစူးအားကောင်းသည့် စွမ်းအားမြှင့်မီးဖိုများအား ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးမရှိသည့် ကျေးလက်နေ အိမ်ထောင်စုပေါင်း(၄၆၈၀၀၀)ကို Batch A, Batch Bခွဲပြီး တစ်နှစ်ခြားစီမီးဖိုများအား ၂၀၁၉ခုနှစ်မှစတင်ပြီး (၇)နှစ်ဆက်တိုက် ဖြန့်ဖြူးထုတ်လုပ်ပေးမည်ဖြစ်သည့်အတွက် ဒေသဆိုင်ရာကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည့်အပြင် မီးဖိုတစ်ဖိုတန်ဖိုးမှ တစ်ဒေါ်လာကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်ဝင်ပေးသွားမည်ဖြစ်သဖြင့် ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ဆောင်သွားနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုဘဝ တိုးတက်လာမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စွမ်းအားမြှင့်မီးဖိုများအား ဖြန့်ဖြူးပေးရာတွင် ပဲခူးခရိုင်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စု(၁၄၃၆၃၇)စုအား စွမ်းအားမြှင့်မီးဖို(၁၄၀၁၇၅)လုံး၊ တောင်ငူခရိုင်တွင် အိမ်ထောင်စု(၈၉၅၀၁)စု မီးဖို(၈၈၀၅၀)လုံး၊ ပြည်ခရိုင်အတွင်း အိမ်ထောင်စု(၁၁၅၃၂၁)စု မီးဖို(၁၁၄၇၈၀)လုံး၊ သာယာဝတီခရိုင်တွင်အိမ်ထောင်စု(၁၂၅၀၃၇)စု မီးဖို(၁၂၄၉၉၅)လုံး စုစုပေါင်းကျေးရွာအုပ်စုပေါင်း (၁၀၀၈)အုပ်စုရှိ ကျေးရွာပေါင်း(၃၇၂၆)ရွာမှ အိမ်ထောင်စု(၄၇၃၄၉၆)စုအား စွမ်းအားမြှင့်မီးဖို(၄၆၈၀၀၀)လုံး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးဌာန ဒုတိယညွှန်ကြားရေးချုပ်၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။