Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ပထမအကြိမ် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးကျင်းပ

အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ပထမအကြိမ် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးကျင်းပ

ဇူလိုင် ၉ (ပဲခူး)
=====================

ဇူလိုင်လ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီမှဦးဆောင်၍ အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်နိုင်ရေး ပထမအကြိမ် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုဆွေးနွေးပွဲသည် ၂၀၁၈ခုနှစ် အနည်းဆုံးအခကြေးငွေသတ်မှတ်ပြီးနောက် ပထမအကြိမ်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးမှုများကို ကြားသိလိုကြောင်း၊ သို့မှသာ ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီအနေဖြင့် အမျိုးသားကော်မတီသို့ အဆိုပြုနှုန်းထားတင်ပြရာ၌ အလုပ်ရှင်၊ အလုပ်သမားတို့၏ အကြံပြုချက်နှုန်းထားများကို အလေးနက်ထားစဉ်းစားနိုင်ပြီး သင့်တင့်လျှောက်ပတ်သော လက်ခံနိုင်သော နှုန်းထားတစ်ခု ရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့်တက်ရောက်လာသူများက အကြံပြုချက်များ၊ အဆိုပြုနှုန်းထားများအား ဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းက အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီးတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု (၁၉၈၈ မှ ၂၀၁၉ ဖေဖေါ်ဝါရီလအထိ) စက်ရုံ၊အလုပ်ရုံ(၈၄)ရုံနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁၉၉၄မှ၂၀၁၉ ဖေဖေါ်ဝါရီလအထိ)စက်ရုံ၊ အလုပ်ရုံ(၃၂)ရုံ စုစုပေါင်း(၁၁၆)ရုံရှိပြီး စက်ရုံအလုပ်ရုံများနှင့် ကျပန်းအလုပ်သမားများအပါအဝင် အလုပ်သမားဦးရေ (၇)သိန်းကျော်ရှိသည်။ မြန်မာနိုင်ငံ၌ အနည်းဆုံးအခကြေးငွေနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှစတင်ပြီး လုပ်ငန်းကဏ္ဍမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ အလုပ်သမား(၁၅)ဦးနှင့် အထက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှာ တစ်ရက်(၃၆၀ဝိ/-)ကျပ်နှုန်းဖြင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ခဲ့သည်။ ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့တွင် ထပ်မံ၍ အလုပ်သမား(၁၀)ဦးနှင့်အထက် အလုပ်ဌာနများကို တစ်ရက်လျှင်(၄၈၀ဝိ/-)ကျပ်နှုန်းဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။