Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အုတ်တွင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ဖွင့်ပွဲကျင်းပပြုလုပ်

အုတ်တွင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ဖွင့်ပွဲကျင်းပပြုလုပ်

ဇူလိုင် ၁၁ (ပဲခူး)
============

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ကြိုဆိုသောအားဖြင့် ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ စည်ပင်သာယာပန်းခြံအတွင်း၌ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘင်ခရာတီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းတီးမှုတ်၍ ဝန်ကြီးချုပ်အမှုးပြုသော အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံကိုအလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် မတည်အလှူရှင် အုတ်တွင်း(ကြယ်နီ)မိသားစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ယနေ့သည် အုတ်တွင်းမြို့နယ်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ဖြစ်သော ဗိုလ်ချုပ်မြင်းစီးရုပ်တုအား ရေရှည်တည်တံ့ခိုင်မြဲစွာတည်ရှိနိုင်ရေး၊ နောင်လာနောင်သားတို့အတွက် စံနမူနာထားအပ်သည့် အထိမ်းအမှတ် ဗိုလ်ချုပ်မြင်းစီးရုပ်တုအား အုတ်တွင်းမြို့နယ် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများမှ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အမှာစကားပြောကြားပြီး ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီမှ မှတ်တမ်းစာရွက်စာတမ်းများအား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းထံသို့လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုမှလည်းကောင်း ပေးအပ်လက်ခံရယူကြသည်။
ယင်းနောက် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးဝင်းခိုင်က ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအား အုတ်တွင်းမြို့ မြို့မိမြို့ဖများမှဦးဆောင်၍ အများပြည်သူစုပေါင်းကာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်အရ အမြင့် မြင်းခွာမှဦးထုပ်အထိ (၁၅)ပေ၊ အလျား မြင်းနှာဖျားမှမြင်းအမြီးဖျားအထိ (၁၅)ပေရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအား ပြုလုပ်ထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုထားရှိမည့် ရင်ပြင်တည်ဆောက်ရေးနှင့် ပြည်သူ့ပန်းခြံ ပြုပြင်ခြင်းလုပ်ငန်းအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၃၇၀) ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် NLD ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ ပါတီဝင်များ၊ ဗိုလ်ချုပ်မြင်းစီးရုပ်တု ဖြစ်မြောက်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။