Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇူလိုင် ၁၁ (အုတ်တွင်း)
==================

ဇူလိုင်လ(၁၁)ရက်နေ့လနံနက်(၁၀)နာရီအချိန်က အုတ်တွင်းမြို့နယ် ဇီးဖြူ သောင်အုပ်စုရှိ ဂုန်လျှော်နှင့် လျှော်မြေများမျိုးသန့်ခြံတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တွေ့ဆုံပွဲများတွင် ယခင်ခေတ်တွေကလို အစိုးရမှ ပြည်သူကို တိုက်ရိုက်မှာကြားခြင်းများ ဆောင်ရွက်မည်မဟုတ်ဘဲ မိမိတို့အစိုးရမှ ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်များကို ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ သုံးပွင့်ဆိုင် လာရောက်ညှိနှိုင်းပြီး ပြဿနာ၏ အဖြေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးသည့် တွေ့ဆုံပွဲမျိုးဖြစ်ကြောင်း၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့်အတိုင်း ပြည်သူ့အရေးသည် မိမိတို့အစိုးရမှ တိုက်ရိုက်ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ ပြည်သူများနေဖြင့်လည်း မိမိတို့၏အတ္တကို ရှေ့တန်းမတင်ပဲ အများအကျိုး ဒေသအကျိုးအတွက် ဦးစားပေးစဉ်းစားကာ တင်ပြပေးစေလိုကြောင်း၊ အများအကျိုး ရှေ့ရှုဆောင်ရွက်ခြင်းသည် မိမိတို့၏ အကျိုးအတွက်လည်း ရရှိခံစားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးရန်၊ ကျေးလက် မီးလင်းရေးကိစ္စရပ်များ၊ ကျေးလက်ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာသိမ်းဆည်းခံရမှုများ၊ ရေကြီးနစ်မြှုပ်မှုအတွက် ကာကွယ်ရေး ရေတားတမံများ၊ ချောင်းကော၊ မြောင်းကောများ တူးဖော်ပေးရန်နှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ စသည်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။