Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇူလိုင် ၁၁ (အုတ်တွင်း)
=================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ သံတိုင်ခင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွတ်လပ်ရေးရပြီးအချိန်ကတည်းက နိုင်ငံရေးနည်းစနစ် အမျိုးမျိုးဖြင့် ပြောင်းလဲကျင့်သုံးခဲ့သော်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ နိမ့်ကျခဲ့ကြောင်း၊ အဓိကအားဖြင့် ယခင်ခေတ်ကာလတွေမှာ အာဏာ၊ အကြောက်တရားများကို အသုံးပြုခဲ့တဲ့အတွက် ပြည်သူအတွင်း မလုပ်ရဲ မကိုင်ရဲဖြစ်ပြီး လူတွေရဲ့ စိတ်တွေပါ ပျက်စီးလာခဲ့ကြောင်း၊ ဒါကြောင့် အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ ပြည်သူတွေ ကင်းကွာလာပြီး တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ရကြောင်း၊ ပြည်သူတွေနှင့် အာဏာရှိသူ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်ရန် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ ပူးပေါင်းဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် စစ်မှန်သော ဒီမိုကရေစီကို ကျင့်သုံးလျက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ပြုပြင်ပြောင်းလဲခြင်းကို ဆောင်ရွက်နေခြင်းသည် ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း၊ ပြည်သူတွေအနေဖြင့်လည်း မိမိတို့အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒများကို အစိုးရနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သဲကြီးကုန်း-သံတိုင်းသွားတံတား ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန်၊ အုန်းပင်-ဒိုးပင်သောင်လမ်း ပြီးဆုံးအောင်ခင်းပေးရန်၊ သံတိုင်ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးရန်၊ ရေနှုတ်မြောင်းများတူးဖော်ပေးရန်၊ တပ်သိမ်းမြေပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ၊ စားကျက်မြေကိစ္စဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။