Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

ရွှေကျင် ဇူလိုင် ၁၃

=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၉)နာရီက ရွှေကျင်မြို့ မြို့တော်စည်ပင်ခန်းမ၌  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံအပြောင်းအလဲအဖြင့် နိုင်ငံရေးစနစ်အမှားတွေကို ပြုပြင်ပြောင်းလဲပြီးတော့ ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရက်တစ်ဖက်ဒရယ် နိုင်ငံတော်တစ်ခုကို တည်ဆောက်ဖို့ကြိုးပမ်းတဲ့ နေရာမှာ အစိုးရပုံစံတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် ပြည်သူတွေကို ဒီမိုကရေစီယဉ်ကျေးမှုနှင့် ပတ်သက်သော အမွေအနှစ်တွေကိုချပြီး လူထုကြားမှာ တစ်ဦးနှင့်တစ်ဦး အတ္တတွေများနေပြီး အမှုအခင်းတွေ၊ ဖြေရှင်းလို့မရတဲ့ပြဿနာတွေ ဘာတွေဖြစ်ခဲ့တဲ့ အမွေဆိုးတွေကို ကျွန်တော်တို့တွေက ဝိုင်းဝန်းပြီး တစ်ဦးချင်း တစ်ယောက်ချင်းစီ တွန်းလှန်ဖို့ အဆင်မပြေတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်နှင့်အညီ အားလုံးစုပေါင်းအားဖြင့် ပြောင်းလဲကြရန် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာ၊ တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းပေါင်းစပ်အဖြေရှာခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ရောက်ရှိမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အခမ်းအနားတွင် ရွှေကျင်မြို့နယ် ခြေတော်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အိမ်ခြေ (၈၅)လုံးမှာ လမ်းမြေချဲ့ထွင်ပါက မလွတ်ကင်းပါသဖြင့် နေထိုင်ရေး အခက်အခဲများရှိကြောင်း၊ ခြေတော်ရာကျေးရွာနှင့် ကျွဲတဲရပ်ကွက်ကြားရှိ စွန်သိုက်ရေနှုတ်မြောင်းအား ပြန်လည်တူးဖော်ပေးခြင်းဖြင့် ရွာအတွင်းရေလွှမ်းမိုးမှုများ မရှိတော့မည်ဖြစ်ကြောင်း၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပွဲကုန်း- ဇီးတော်ကြား ချောင်းငယ်ရှိနေသဖြင့် သင့်လျော်သော တံတားတစ်စင်းထိုးပေးနိုင်ပါရန်၊ တောင်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆယ်ပေကုန်းအဆင်းရှိ ကားလမ်းပေါ်တွင်ပြုလုပ်ထားသည့် Box Calvert ၁၀ပေအကျယ် ပြုလုပ်ထားသည့်နေရာတွင် တောင်ကျရေစီးဆင်းသောအခါ ပတ်ဝန်းကျင်နေအိမ်များ ရေလွှမ်းမိုးခြင်းခံနေရပါသဖြင့် အဆိုပါနေရာတွင် ၂၀ပေအကျယ် အမြင့် ၉ပေရှိ တံတားတစ်စင်း ထိုးပေးနိုင်ရေး လိုအပ်နေပါကြောင်း၊ အင်္ဂနီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးရွာတွင် အမှန်တကယ်လိုအပ်နေသော ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းများလိုအပ်နေပါကြောင်း၊ ရွာနီးချင်းဆက်ကျေးရွာ(၅)ရွာမှ ကျောင်းသားဦးရေ များတိုးတက်လာသောကြောင့် ဆရာ၊ဆရာမ ဝန်ထမ်းများ မလောက်မငှဖြစ်နေပါသည်။ ထို့အတွက်ကြောင့် ပညာရေးဆရာဆရာမ ဝန်ထမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရေး၊ သရက်ချောင်းကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများက ကျေးရွာလျှပ်စစ်မီးလင်းရေး၊ စားကျက်မြေများထဲမှ ကျေးရွာမြေအဖြစ်ရရှိရေး တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနအသီးသီးဖြင့် ချိတ်ဆက်ပူးပေါင်း အဖြေရှာဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၅၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။