Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇူလိုင် ၁၃ (ရွှေကျင်)
==============

ဇူလိုင်လ (၁၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၊ သမိုင်းဝင် ကျောက်မှော်စေတီတော်ကြီး ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုတွေတိုင်းမှာ ဒေသလိုအပ်ချက်ဆိုတာတွေ ရှိနေပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း အောက်ခြေအထိ ကွင်းဆင်းပြီး ဒေသလိုအပ်ချက်များကို သိရှိရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အစိုးရမှ ပြည်သူများ၏ အခက်အခဲ ပြဿနာပေါင်းစုံကို ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသလို ပြည်သူများဘက်မှလည်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအပေါ် အတူလိုက်ပါပြောင်းလဲရန်လိုအပ်ကြောင်း၊ အောက်ခြေပြဿနာအများစုသည် အတ္တကိုအခြေခံပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများ လျော့နည်းကာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီအခြေအနေသည် ပြည်သူများအကြား ဒီမိုကရေစီစနစ် စီးဝင်မှုနည်းပါခြင်းကြောင့်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် မည်သည့်ကိစ္စကိုမဆို အများသဘောတူညီချက်နှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ပြီ:  ပြည်သူတစ်ဦးချင်အပေါ် လူသားဝါဒကိုအခြေခံပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက အထက်မဲဇောင်းကျေးရွာအုပ်စုတွင် အိမ်ခြေ (၁၁၄)အိမ်ရှိပြီး အခြေချနေထိုင်လာခဲ့သည်မှာ (၂၆)နှစ်ကျော်ရှိပြီဖြစ်၍ ကျေးရွာပိုင်မြေအဖြစ် သတ်မှတ်ပေးရန်၊ ဘောကထာ၊ ပဒဲကော၊ မဘီးကျေးရွာသူ/သားများ လုပ်ကိုင်လျက်ရှိသည့် ကွင်းအမှတ်(OSS)အား  ပုံစံ(၇)ထုတ်ပေးရန်၊ ပဒဲကောကျေးရွာအုပ်စုနှင့် ဟင်္သာဝဲအုပ်စု ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းနှင့် ေကျာက်ကြီးချောင်းတံတား(၁)ဆင်းအား ဆောက်လုပ်ပေးရန်၊ ပဒဲကောကျေးရွာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအင်အားနှင့် ဆေးဝါးပစ္စည်းများ ပံ့ပိုးပေးရန်၊ ဘောကထာကျေးရွာသို့ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ လာရောက်ဆောင်ရွက်ပေးရန်စသည်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။