Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၅ (ပဲခူး)
==============

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာ ဆရာတော်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။
ယင်းနောက် ရတနာရွှေမိုး ငွေမိုးရွာသွန်းပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၀၈)ကျောင်းမှ ဆရာတော်သံဃာတော် အရှင်သူမြတ်(၁၀၈)ပါးတို့အား လှူဒါန်းမှုအစုစုမှာ ငွေကျပ်(၅၆)သိန်းရှိကြောင်း သတင်းရရှိသည်။