Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲ မထားဘဲ အများအကျိုးပြုနိုင်သူကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရန် ဝန်ကြီးချုပ်မှာကြား

လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲ မထားဘဲ အများအကျိုးပြုနိုင်သူကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရန် ဝန်ကြီးချုပ်မှာကြား

ဇူလိုင် ၁၇(ဝေါ)
==================

ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ အမြိုက်ရတနာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူလူထုများ အချင်းချင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်ခြင်း၊ အားပြိုင်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်း ဥပဒေနှင့်အညီဖြစ်ရန်နှင့် ပြည်သူအများစုလက်ခံပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများမထားဘဲ အများအကျိုး ဆောင်ရွက်နိုင်သူကိုသာ ရွေးချယ်ရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးသည် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် ပညာရေးကဏ္ဍမှ ဆရာ/ဆရာမများသည်လည်း အရေးပါသော အခန်းကဏ္ဍမှာပါဝင်နေကြောင်း၊ အခြေခံပညာရေးကျောင်းများမှတစ်ဆင့် အကြောက်တရားကို အခြေမခံဘဲ ဝိုင်းဝန်းဆွေးနွေး အဖြေရှာတတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် မိမိတို့အစိုးရမှ စတင်ပြောင်းလဲပေးနေပြီဖြစ််၍ ဆရာ/ဆရာမများမှလည်း လိုက်ပါပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရှမ်းကိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းမှ တာဝန်မှရပ်စဲခံခဲ့ရမှုကို ပြန်လည်စိစစ်ပေးရန်၊ ရှမ်းကိုင်းကျေးရွာ မီးလင်းရေးကော်မတီအား စာရင်းစစ်ပေးရန်၊ ရှမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးသစ်အား အမြန်ဆုံးပြန်လည်ရွေးချယ်ပေးရန်၊ ရှမ်းကိုင်းကျေးရွာ စာသင်ကျောင်းအနီး တာဝါတိုင်ဆောက်လုပ်နေမှုနှင့် စားကျက်မြေအတွင်း အကွက်ရိုက်၍ အိမ်ခြံမြေအဖြစ် အသုံးပြုနေမှုတို့အား စိစစ်ပေးရန်၊ ဝင်းကဒတ်ကျေးရွာပိုင် စားကျက်မြေ(၆၂)ဧကအတွင်း တရားမဝင် စိုက်ပျိုးနေမှုအား တားဆီးပေးရန်နှင့် စားကျက်မြေအတိုင်း ပြန်လည်ထားရှိပေးရန်၊ ရှမ်းကိုင်းရေထိန်းတံခါးထားရှိမှုအပေါ်  ပြန်လည်စိစစ်ဆောင်ရွက်ပေးရန်၊ လက်ပံသုံးပင်ကျေးရွာရှိ စားကျက်မြေ(၂၀၀)ဧကအား စားကျက်မြေအတိုင်း ပြန်လည်ထားရှိပေးရန်၊ ဝေါမြို့နယ်အတွင်း သိမ်းဆည်းလယ်ယာမြေများအတွက် နစ်နာမှုများနှင့် တရားမဝင် အခြားနည်းအသုံးပြုနေသည့် လယ်ယာမြေများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ အထက်ပန်းညိုကျေးလက်မီးလင်းရေးကိစ္စအား ပြန်လည်စိစစ်ပေးရန်၊ ရှမ်းကိုင်းကျေးရွာ အားကစားကွင်း ရရှိရေးနှင့် ဝင်းကဒတ်ကျေးရွာရှိ လယ်မြေအချို့တွင် ရေနုတ်မြောင်းတူးဖော်မှုအား ပြန်လည်စိစစ်ပေးရန် စသည်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ပြန်လည်ဖြေရှင်းပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့(၅)ဦးအား အသစ်ပြန်လည်ရွေးချယ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်အား အမြန်ဆုံးရွေးချယ်ပေးရန် လိုအပ်မည်ဖြစ်၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပြဿနာရပ်များကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ သုံးပွင့်ဆိုင် ဖြေရှင်းမှသာ အေးချမ်းသော လူ့အသိုင်းအဝန်းတစ်ခု ဖြစ်တည်လာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအသိ၊ ဒီမိုကရေစီအကျင့်ကို နားလည်သဘောပေါက်စေရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာနိုင်စေရေး အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ စုပေါင်းအင်အားဖြင့် ကြိုးစားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရှမ်းကိုင်းကျေးရွာအတွင်း တည်ဆောက်ဆဲ ဆက်သွယ်ရေးတာဝါတိုင်နှင့် ရှမ်းကိုင်းရေထိန်းတံခါးတို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာတွင် အိမ်ထောင်စု (၈၂၁)စု၊ လူဦးရေ(၄၉၀၄)ရှိပြီး၊ အခမ်းအနားသို့ ရှမ်းကိုင်းကျေးရွာ၊ လက်ပံသုံးပင်ကျေးရွာ၊ အထက်ပန်းညိုကျေးရွာ၊ ဘိုးကတော်ကျေးရွာ၊ ဖိုးစပါယ်ကျေးရွာ၊ ဝင်းကဒတ်ကျေးရွာ၊ တောကြီးကျေးရွာ၊ ပန်းညိုကျေးရွာ၊ ညောင်ခါးရှည်ကျေးရွာ၊ သပြေကန်ကျေးရွာ၊ မှုံကတုံးကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ ဒေသခံပြည်သူ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။