Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲသို့တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲသို့တက်ရောက်

ဇူလိုင် ၂၀ (ဒိုက်ဦး)
=============

ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာအုပ်စု ပနွတ်ကျေးရွာတွင် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုကျောင်းဆရာတော် ဘဒ္ဒန္တဇာဂရ၊ သာကေတမြို့နယ် ကော့ကဒွတ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒိုက်ဦးမြို့နယ် စိန်ပန်းကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်တို့က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း အဖွင့်အမှာစကားပြောကြားပြီး မေတ္တာအလင်းတံတား ဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်လွင်ဦးက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပနွတ်ကျေးရွာသူ/သားများကိုယ်စား ဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်ထံသို့ တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပနွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှပေးအပ်ပြီး တံတားတည်ဆောက်ရာတွင် ပါဝင်လှူဒါန်းပေးအလှူရှင်များနှင့် ဆုရမြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲအသင်းများအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
အဆိုပါကျေးရွာချင်းဆက် မေတ္တာအလင်း သံကူကွန်ကရစ်ချောင်းဖြတ်တံတားကြီးအား ပြည်သူ့လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၃၀)၊ ဆရာတော်သံဃာတော်များနှင့် ကျေးရွာသူ/ကျေးရွာသား အလှူ ရှင်များက စုပေါင်းလှူဒါန်းငွေကျပ်(၂၅၃၆)သိန်းကျော် စုစုပေါင်းငွေကျပ်(၂၅၆၆)သိန်းကျော်ဖြင့် အလျား(၁၈၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၁၇ပေ၁၁လက်မ)ရှိတံတားအဖြစ် ပနွတ်ကျေးရွာအတွင်းရှိ စစ်တောင်းမြစ်အတွင်း စီးဆင်းသော ဘိုင်းဒါးချောင်းပေါ်တွင်ဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။
ကျေးရွာချင်းဆက် မေတ္တာအလင်း သံကူကွန်ကရစ်ချောင်းဖြတ်တံတားကြီး တည်ဆောက်ပြီးသွားသောကြောင့် ပနွတ်ကျေးရွာမှ ကမာကလစ်၊ နှင်းဝိသံတံတား၊ နှင်းပုလဲ၊ ဆားကျင်း၊ ရေလွှဲ၊ နှင်းဝိရွာမ၊ နှင်းဝိအောက်ပိုင်း၊ ချောင်းသစ်၊ စပ်စု၊ ဂျောင်းတာ၊ စည်ပင်၊ ဘိုင်းဒါးချောင်းစသည့် ကျေးရွာများသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် အဆိုပါတံတားပေါ်မှ ဖြတ်သန်းပြီး ဒိုက်ဦး၊ ညောင်လေးပင်၊ သိမ်ဇရပ်မြို့များသို့လည်း သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။