Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဇူလိုင် ၂၀ (ဒိုက်ဦး)
=============

ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ(၂၀)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ကြန့်ကြာနေမှုများ၊ ဒေသလိုအပ်ချက်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူတို့ စုပေါင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကို အခြေခံသော လူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းသော ပြဿာနာဖြေရှင်းနည်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ဒီမိုကေရစီဆိုသည်မှာ စည်းကမ်းရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံကြီးသားပီသခြင်း၊ မိရိုးဖလာဓလေ့ထုံးစံ ဘာသာတရားကိုင်းရှိုင်းလိုက်နာခြင်း၊ မိမိစွမ်းရည်သတ္တိကို ထက်မြက်အောင် ဆောင်ရွက်လျက် အပြည့်အဝ အသုံးချခြင်း၊ ထကြွနိုးကြား သနား သည်းခံ ဝေဖန်ထောက်ရှုခြင်း ဂုဏ်အင်္ဂါပြည့်ဝအောင် ကျင့်ဆောင်ခြင်း၊ အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များ အစဉ်နုပျိုတက်ကြွအောင် နေထိုင်ခြင်းစသည့် ဂုဏ်အင်္ဂါ(၉)ရပ်နှင့် ပြည့်စုံကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားမှုများကို အင်အားတစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအဓိပ္ပါယ်များကို သိရှိပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပနွတ်ကျေးရွာနှင့် ဧက(၁၀၀၀)ကြားရှိ ကုန်ထုတ်မြေသားလမ်းအား ဂဝံလမ်းအဖြစ် အဆင့်မြင့်တင်ပေးရန်နှင့် ဆက်သွယ်ရေးလမ်းဦ:တံတား(၁)စင်း ဆောက်လုပ်ပေးရန်၊ ပနွတ်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ ပနွတ်ကျေးရွာ အလက ကျောင်းအား အထက အဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ ပနွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၀၅)၊ ဦးပိုင်အမှတ်(၆၁/၁)၊ မြေဧရိယာ(၅.၂၀)ဧကအတွင်း စိုက်ပျိုးပင်များ တရားမဝင် ဝင်ရောက်ဖျက်ဆီးမှုအား အရေးယူပေးရန်၊ ကလိကျေးရွာအုပ်စု၊ နှင်းဝိ-ဒိုက်ဦး ကုန်ထုတ်လမ်းအား တိုးချဲ့ပေးရန်နှင့် ခြောက်တံချောင်းအောက်ဘက်ရှိ (၄)မိုင်ခန့်အကွာ ချောင်းကောနေမှုအား ပြန်လည်တူးဖော်ပေးရန်၊ အထရံအင်းနှင့် အလင်္ကာအင်းတို့ လုပ်ကိုင်နေမှုအား ပြန်လည်စိစစ်ပေးရန်၊ သုံးခွ-မင်္ဂလွန်း၊ ဆင်းရွာ-သုံးခွ လမ်းဖောက်စဉ်က တာဖို့ခဲ့သည့် မြောင်းအတွင်းမှ ငါးရှာဖွေမှုများရှိနေ၍ ရေသုံးစွဲခွင့်မရတော့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် သုံးခွကျေးရွာအုပ်စုရှိ စားကျက်မြေအတွင်း မြေဧရိယာ(၇၅)ဧကအား ပုံစံ(၇)ထုတ်ပေးထားသည့်ကိစ္စအား ဖြေရှင်းဆောင်ရွက်ပေးရန်၊ သုံးခွကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၅၇-င)၊ ဦးပိုင်အမှတ် (၁၅/၁)၊ မြေဧရိယာ(၈)ဧကအား ပုံစံ(၇)ထုတ်ပြီး ရောင်းစားထားသည့်ကိစ္စအား ပြန်လည်စိစစ်ပေးရန်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၉၄)အတွင်းရှိ မြေဧရိယာ(၇.၅၀)ဧကအား မင်္ဂလွန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ သိမ်းဆည်းပြီး အခြားသူသို့ ပုံစံ(၇)ထုတ်ပေးထားမှုအား စိစစ်ပေးရန်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၉၅-ဆ)ရှိ ဒိုက်ဦး-စစ်တောင်းရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ(၆.၀၄)ဧကအား ယခုအချိန်ထိ လျော်ကြေးမရရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးရန်၊ ဒိုက်ဦးမြို့နယ် သမဝါယမချေးငွေထုတ်ယူခဲ့မှုအပေါ် အပက(၃)ဖြင့် မတရားစွဲဆိုခံထားရမှုအား စိစစ်ပေးရန်၊ မင်္ဂလွန်းကျေးရွာ၊ ပနွတ်တောကွင်းမှ အုန်းဇံကွင်းသို့သွားသော ပယ်လမ်းအား ပိတ်ပင်ထားဆီးထားခြင်းကိစ္စအား စိစစ်ဆောင်ရွက်ပေးရန်နှင့် မင်္ဂလွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၉၃-ခ)၊ မင်္ဂလွန်းရွာမကွင်းတွင် စိုက်ပျိုးထားသည့် မြေဧရိယာ(၁၆)ဧက ကျော်ခန့်အား ပုံစံ(၇) မထုတ်ပေးသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးရန်စသည်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူ း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၃)အုပ်စုမှအုပ်ချုပ်ရေးမှူ းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။