Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်

သြဂုတ် ၁၂ (ဝေါ)
================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထိုက်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့ပေါ်တွင်ဖွင့်လှစ်ထားရှိသော ဘူတာရုံကယ်ဆယ်ရေးစခန်းနှင့် ကန်တော်ကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ (၆)လအောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဖိုးထောက်ပံ့ငွေနှင့် ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စက်ရပ်ကွက် ဘူတာရုံတွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး စားသောက်နေထိုင်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေများကို မေးမြန်းကြည့်ရှုကာ အားပေးစကားပေးကြားပြီး အဆိုပါစခန်းရှိ အိမ်ထောင်စု(၅၅)စု၊ လူဦးရေ(၂၄၁)ဦးဆန်ဖိုးရိက္ခာငွေ(၆၀၂၅၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင်(၅)ဦးနှင့် (၆)လအောက်ကလေး(၁၂)ဦးအတွက် ဆေးဖိုးထောက်ပံ့ငွေ (၃၄၀၀၀၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ကန်တော်ရပ်ကွက် ကန်တော်ကြီးကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး အဆိုပါစခန်းရှိ အိမ်ထောင်စု(၁၆)စု လူဦးရေ(၉၉)ဦးအတွက် ဆန်ဖိုးရိက္ခာ၊ ကိုယ်ဝန်ဆောင်မိခင်(၂)ဦး၊ (၆)လအောက်ကလေးငယ်(၁)ဦးတို့အတွက် ဆေးဖိုးထောက်ပံ့ငွေ ပေါင်း(၃၀၇၅၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် မြို့ပေါ်တွင် အေးချမ်းသာယာရပ်ကွက် ဒီဃာယုဆွမ်းလောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်း၊ သစ်စက်ရပ်ကွက် ဘူတာရုံကယ်ဆယ်ရေးစခန်း၊ ကန်တော်ရပ်ကွက် ကန်တော်ကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းနှင့် အရှေ့ဘက်ကမ်းရပ်ကွက် ကြုံတူ(ဘ/က)ကျောင်း ဓမ္မာရုံကယ်ဆယ်ရေးစခန်းဟူ၍ ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု(၁၂၉)စု လူဦးရေ(၅၉၄)ဦး ကယ်ဆယ်ရေးစခန်းအသီးသီးတွင် ရောက်ရှိနေကြောင်း သတင်းရရှိသည်။