Home / ပဲခူးမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း Mini Bus နှင့် City Busများ ထုတ်လုပ်နေသော Daewoo Bus စက်ရုံသို့ သွားရောက်ကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း Mini Bus နှင့် City Busများ ထုတ်လုပ်နေသော Daewoo Bus စက်ရုံသို့ သွားရောက်ကြည့်ရှု

သြဂုတ် ၁၄ (ရန်ကုန်)
====================

သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (BRTA) အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ရပ်ကွက် အမှတ်(၉)၊ ရန်ကုန်-ပြည်လမ်းရှိ Daewoo Bus Myanmar Co,Ltdသို့ သွားရောက်ပြီး ယာဉ်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်နှင့် စက်ရုံတည်ဆောက်ထားပုံတို့ကို ကြည့်ရှုလေ့လာကြသည်။
Daewoo Bus Myanmar Co,Ltd၏ အစည်းအဝေးခန်းမ၌ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က စည်ရုံတည်ဆောက်ထားရှိပုံအခြေအနေ၊ စက်ရုံသမိုင်းကြောင်းနှင့် ပြည်ပနိုင်ငံများတွင် စက်ရုံများတည်ဆောက်၍ နိုင်ငံအနှံ့အပြားသို့ မော်တော်ယာဉ် တင်ပို့ပေးနေမှု အခြေအနေများ၊ စက်ရုံများတွင် ယာဉ်ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်နေမှု၊ ယာဉ်လိုင်းပြေးဆွဲမည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေအရ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးကြီးလာကြောင်း၊ တချို့လုပ်ငန်းတွေကို အစိုးရမှ ထိန်းချုပ်မှုလျော့ချပြီး ပြည်သူများကိုယ်တိုင် လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းပေးခြင်း၊ လုပ်ငန်းဆောင်ရွက်စေခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရလက်ထက်တွင် ခူးတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (BRTA) ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အများပိုင်အဖွဲ့တစ်ခုအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ရန် ဆောင်ရွက်နေသလို လမ်း/တံတားကြံ့ခိုင်မှု၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ကားမှတ်တိုင်များ စနစ်တကျ သတ်မှတ်ထားရှိခြင်းတို့ကို ကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေး Mini Bus များ စနစ်တကျ ပြေးဆွဲနိုင်မှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းနိုင်မည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း Pilot Project အနေဖြင့် ခရီးစဉ်များ စတင်စမ်းသပ်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုကြရာ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က မော်တော်ကားထုတ်လုပ်နေမှု အဆင့်ဆင့်အား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ Daewoo Bus Myanmar Co,Ltdသည် ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး မော်တော်ယာဉ်များအား ၁၉၅၅ခုနှစ်မှစတင်ပြီး ထုတ်လုပ်ကာ ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကာကစ်စတန်၊ ပါကစ်စတန်၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံများ၌ မော်တော်ကားထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ထားပြီး မှာယူသည့်ပြည်ပနိုင်ငံ(၅၁)နိုင်ငံသို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်အရ  Daewoo Busများကို ပြည်တွင်း၌ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါPilot Projectအဖြစ် Lestar Mini Bus(၅)စီးနှင့် BS 106 City Bus(၅)စီးတို့ကို ၂၀၁၉ခုနှစ် မတ်လမှစတင်၍ ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတွင် ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-ရေတာရှည်၊ ရေတာရှည်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် စသည့်ခရီးစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတွင် ရန်ကုန်-တိုက်ကြီး၊ တိုက်ကြီး-မင်းလှ၊ မင်းလှ-ပေါင်းတည်၊ ပေါင်းတည်-ပြည်၊ ပြည်-ရန်ကုန် စသည့်ခရီးစဉ်များကိုလည်းကောင်း Daewoo Bus Myanmar မှ ထုတ်လုပ်သည့် ကားသစ်ကြီးများဖြင့် စတင်စမ်းသပ်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။