Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး စံပြကျောင်းများ ဆုချီးမြှင့်ခြင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး စံပြကျောင်းများ ဆုချီးမြှင့်ခြင်းပြုလုပ်

သြဂုတ် ၁၆ (ပဲခူး)
=================

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြဆုရကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်နှင့် တိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုလွင်တို့က ကျောင်းကျန်းမာရေး သီတင်းပတ်ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ကျောင်းကျန်းမာရေး စံပြဆု(ပထမ၊ ဒုတိယ၊ တတိယ) ရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကာတွန်း/စာစီစာကုံး/ ကဗျာ/ပိုစတာ ဆုရရှိသူများအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာခြင်း သီဆို၍ အခမ်းအနားကိုရုပ်သိမ်းပြီး တက်ရောက်လာကြသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအား ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး စံပြကျောင်း(ပထမ)ဆုရ ကျောင်းများမှာ အထက်တန်းကျောင်းအဆင့်တွင် အထက(၃)ပဲခူး၊ အထက-ဗောဓိကုန်း(အုတ်တွင်း)၊ အထက(၁)သာယာဝတီ၊ အထက-ကမြိုင်(ပန်းတောင်း)၊ အလယ်တန်းကျောင်းအဆင့်တွင် အထက(ခွဲ)ထိန်တော(ကျောက်တံခါး)၊ အထက(ခွဲ)ကျောက်လုံးကြီး(တောင်ငူ)၊ အထက(ခွဲ)ကပစ(၃)ပန်းတောင်း၊ အလက-တူးမြောင်း(မင်းလှ)၊ မူလတန်းကျောင်းအဆင့်တွင် အလက(ခွဲ)ညောင်ခါးရှည်(ဝေါ)၊ မူလွန်-ကပ်ကြေးဆိပ်(ကျောက်ကြီး)၊ မူလွန်-ပေပင်ကုန်း(သာယာဝတီ)၊ အလက-မီးလောင်(ရွှေတောင်)တို့ဖြစ်ပြီး ကျောင်းကျန်းမာရေး စံပြကျောင်း(ဒုတိယ)ဆုရရှိသောကျောင်းများမှာ အထက်တန်းကျောင်းအဆင့်တွင် အထက-မြစ်ကျိုး(ဝေါ)၊ အထက(၂)ဖြူး၊ အထက-ရွှေတောင်(ရွှေတောင်)၊ အထက-ဇီးကုန်း(ဇီးကုန်း)၊ အလယ်တန်းကျောင်းအဆင့်တွင် အထက(ခွဲ)မြို့အနောက်(ခ)ပဲခူး၊ အလက(ခွဲ)ပဲခူးရပ်(ကျောက်ကြီး)၊ အလက-ရေနံမြေ(ရွှေတောင်)၊ အလက-ခြုံကြီးစု(မိုးညို)၊ မူလတန်းကျောင်းအဆင့်တွင် မူလွန်-အိုးဘို(ပဲခူး)၊ အလက(ခွဲ)မြို့မ(တောင်ငူ)၊ အမက-မြွေရိုး(ပြည်)၊ မူလွန်-ဇေယျဝတီ(မင်းလှ)တို့ဖြစ်ပြီး ကျောင်းကျန်းမာရေး စံပြကျောင်း(တတိယ)ဆုရရှိသောကျောင်းများမှာ အထက်တန်းကျောင်းအဆင့်တွင် အထက-ရွှေကျင်(ရွှေကျင်)၊ အထက-မြို့လှ(ရေတာရှည်)၊ အထက(၁)လက်ပံတန်း(လက်ပံတန်း)၊ အလယ်တန်းကျောင်းအဆင့်တွင် အလက-သနပ်ကွင်း(ဒိုက်ဦး)၊ အလက-ကြို့ပင်သာ(ထန်းတပင်)၊ အလက-ထန်းတပင်(ပေါက်ခေါင်း)၊ အလက-စောင်းဝှက်(နတ်တလင်း)၊ မူလတန်းကျောင်းအဆင့်တွင် အလက(ခွဲ)တပ်မတော်(ညောင်လေးပင်)၊ အလက(ခွဲ)(၄)ရပ်ကွက်(ရေတာရှည်)၊ အမက-အေးမြသာယာ(၁)အုတ်ဖိုတို့ဖြစ်ကြောင်း သတင်းရရှိသည်။