Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့ မှန်စီကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့ မှန်စီကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ

သြဂုတ် ၁၈ (ရေတာရှည်)

================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၈)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လောကနိယာမ သဘောတရားအရ ပြုပြင်ပြောင်းလဲမှုသည် အချိန်နှင့်အမျှ ပြောင်းလဲ နေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းတွင် လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်ပြီး ဖယ်ဒရယ် ပြည်ထောင်စုသည် ဒီမိုကရေစီခိုင်မြဲရေးကိုအားပေးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု သန္နိဋ္ဌာန်ချထားခြင်းဖြစ်ပါကြောင်းနှင့် ဒီမိုကရေစီစနစ်တွင် ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လူသားအားလုံး ဥပဒေအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မှန်စီကျေးရွာမှ တိုးဂိတ်လမ်းကြောင်းနှင့် စာသင်ကျောင်းခြံစည်းရိုးတို့အား ပြုပြင်ပေးရန်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန်ကျေးရွာမှ ကျေးရွာစာသင်ကျောင်းအား အဆင့်မြှင့်တင်ပေးရန်နှင့် စာကျက်မြေအငြင်းပွားနေမှုအား ဖြေရှင်းဆောင်ရွက်ပေးရန်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ဆွေသာယာကျေးရွာ အမက(ခွဲ)ကျောင်းမြေနေရာအား ပြန်လည်တိုင်းတာပေးရန်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာမှ လယ်မြေများ ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန်၊ အုတ်ဖိုကျေးရွာမှ လယ်ယာမြေများ ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန်၊ စည်ပင်အေးကျေးရွာ မီးလင်းရေးကိစ္စ ဆောင်ရွက်ပေးရန်၊ ကြို့ပင်သာကျေးရွာ မီးလင်းရေးကိစ္စ ဆောင်ရွက်ပေးရန်၊ ကရင်ရွာမှ သကြားစက်မြေကိစ္စ စိစစ်ဆောင်ရွက်ပေးရန်၊ ဆွာမင်းလမ်းကျေးရွာနှင့် အေးသာယာကျေးရွာတို့ရှိ တပ်သိမ်းမြေကိစ္စ စိစစ်ဆောင်ရွက်ပေးရန်၊ ရေတာရှည်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန်၊ ဘုရားကုန်း(သိုင်း)ကျေးရွာမှ သာဂရ−ကိုးပင်လမ်းနှင့် ဘုရားကုန်းကျေးရွာသို့ သွားသောလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်၊ မှန်စီးကျေးရွာနှင့် ကြာအင်းကျေးရွာချင်းဆက်လမ်းအား ပြုပြင်ပေးရန်၊ ရေနီးကျေးရွာနှင့် တံတားကြီး ကျေးရွာချင်းဆက်လမ်းအား ပြုပြင်ပေးရန်၊ မှန်စီး−တခွဲကျဲလမ်းအား အဆင့်မြှင့်တင်ပေးရန်၊ ထိပ်ပေါက်ကျေးရွာမှ မြောင်းရိုးပိတ်ဆို့မှုအား ပြန်လည်တူးဖော်ပေးရန်၊ ညောင်ပင်သာ−ညောင်ပင်ကိုင်းကျေးရွာ ရေကြီးနစ်မြှုပ်မှုအတွက် ကူညီဆောင်ရွက်ပေးရန်၊ ဆွာသောင်ကြီးကျေးရွာ စားကျက်မြေအား ရွာမြေအဖြစ် အသုံးပြုနိုင်ရေး ပယ်ဖျက်ပေးရန်စသည်တို့အား တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဆွာမင်းလမ်းကျေးရွာအုပ်စုအတွင်းရှိ မှန်စီကျေးရွာ၊ ကြာအင်း၊ တံတားကြီး၊ ကညင်အိုင်၊ အေးသာယာ၊ ဆွေသာယာ၊ ရေနီး၊ သရက်တော၊ ဆီဆုံကုန်း၊ သစ်ယာကုန်း၊ စည်ပင်အေးစသည့် ကျေးရွာများမှ ဒေသခံပြည်သူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။