Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာပြည်သူများနှင့်တွေ့ဆုံ

သြဂုတ် ၁၉ (ဖြူး)
==============

သြဂုတ်လ(၁၉)ရက်နေ့ နံနက်(၉:၅၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများနှင့်အတူ ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများက ရွေးချယ်တင်မြှောက်၍ အစိုးရတာဝန်ထမ်းဆောင်နေရပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို မိမိတို့အစိုးရမှ ဝန်ဆောင်မှုပြန်လည်ပေးရမည်ဖြစ်ကြောင်း၊ ယခင်က လူတန်စားမျိုးစုံ၊ ဘာသာ/လူမျိုးပေါင်းစုံ ပူးပေါင်းပြီး လွတ်လပ်ရေးကို ရယူခဲ့သော်လည်း အမုန်းတရားကိုအစွဲပြုပြီး အတ္တကိုအခြေခံခဲ့တဲ့အတွက် ယခုအချိန်ထိ လွတ်လပ်ရေးရရှိခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးကြောင်း၊ မတူကွဲပြားမှုကို လက်ခံရမယ်ဆိုတာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပါတီနှင့်တစ်ပါတီ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဘာသာနှင့်တစ်ဘာသာ ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ အပြန်အလှန် လေးစားယုံကြည်မှုရှိစေခြင်းတို့ ရှိမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက ဇဟားချောင်းကူးတံတား ပြန်လည်တည်ဆောက်ပေးရန်၊ မူလွန်ကျောင်း စာသင်ဆောင်များ ဆောက်လုပ်ပေးရန်နှင့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပိန္နဲကုန်းကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ပြည်သူများ တင်ပြတောင်းခံသည့် ပိန္နဲကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသများ ဆက်သွယ်သွားလာသည့် ဟောင်းနွမ်းယိုယွင်းပျက်ဆီးနေသည့်ဇဟားချောင်းကူးတံတားအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ဇဟားကျေးရွာချင်းဆက် ချောင်းကူးတံတားသည် ဂွေးကုန်း၊ ခင်ရှည်၊ ချင်းခင်၊ ဇီးခင်၊ ဇီးတန်း၊ ဘန်းလောင်ကျေးရွာများမှတစ်ဆင့် ဖြူးမြို့သို့ ဆက်သွယ်သွားလာရသော တံတားဖြစ်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများအား ကိုးအားထားပြုသွားလာနေရသော တံတားဖြစ်သည်။ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ဖြူးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တင်ဒါခေါ်ယူကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေဖြင့် အလျား(၁၂၀)ပေ၊ အနံ(၂၀)ပေရှိသည့် RC ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။