Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာဒေသများအား Digital Map ထုတ်လုပ်နိုင်ရေး Asia Air Survey Myanmar Co., Ltd မှ လာရောက်ရှင်းလင်း

ပဲခူးမြို့နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာဒေသများအား Digital Map ထုတ်လုပ်နိုင်ရေး Asia Air Survey Myanmar Co., Ltd မှ လာရောက်ရှင်းလင်း

သြဂုတ် ၂၀ (ပဲခူး)
====================

7သြဂုတ်လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးမြို့နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာဒေသများအား Digital Map ထုတ်လုပ်နိုင်ရေး Asia Air Survey Myanmar Co., Ltd မှ Regional Director ဦးမင်းသူ ဦးဆောင်သော တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Asia Air Survey Myanmar Co., Ltd မှ Regional Director ဦးမင်းသူက မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်စီမံကိန်းများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားတတ်သည့် နေရာဒေသများကို Digital Map ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေရသည့် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မြင်းခြံမြို့များအတွက် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်အခြေအနေမှန်အတိုင်း နေအိမ်၊ လမ်း၊ ဆေးရုံ၊ အစိုးရအဆောက်အဦစသည့် တစ်ခုချင်းစီအလိုက် အသေးစိတ်အချက်အလက်များ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ထုတ်လုပ်ပေးခဲ့သည့် Digital Map တွင် မြေပြင်အနိမ့်အမြင့်၊ ရေစီးရာလမ်းကြောင်း၊ ရေမြုပ်နိုင်သည့် ဒေသ/နေရာ၊ အနာဂတ်မြို့ပြ တိုးချဲ့ခြင်းများနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများလည်း ပါဝင်နိုင်မည်ဖြစ်ပြီး တစ်ဧကလျှင် ကျပ်(၆၀၀၀)ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် လက်ရှိမြေပြင်အခြေအနေမှန် မြေပုံရရှိမှသာ အကျိုးရှိနိုင်ကြောင်း၊ ပဲခူးမြစ်သည် ပဲခူးမြို့လယ်ခေါင်တွင် ဖြတ်သန်းစီးဆင်းနေ၍ မြို့တစ်ခုလုံး၏ မြေပြင်အနိမ့်အမြင့် အတိအကျ ရေးဆွဲထားသည့် Digital Map တစ်ခု လိုအပ်ကြောင်း၊ Digital Map ၏ အားသာချက်သည် ထပ်မံလိုအပ်ချက်များကို ဖြည့်စွက်နိုင်မည်ဖြစ်ပြီး Up to Date လည်းဖြစ်၍ မြို့ပြအတွက် အလွန်အသုံးဝင်မည်ဖြစ်ကြောင်း၊ ဆည်/တမံများနှင့်ပတ်သက်၍လည်း တမံအောက်ခြေပတ်ဝန်းကျင် ဒေသများအတွက် Digital Map ထုတ်ယူရန် လိုအပ်လျက်ရှိကြောင်း၊ ဒါမှသာ ဆည်/တမံ အောက်ခြေရှိ ဒေသများ၏ မြေပြင်အနိမ့်အမြင့်၊ သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်ပေါ်လာပါက ရေလွှမ်းမိုးနိုင်သည့် နေရာများကို ကြိုတင်သိရှိထားနိုင်မည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း စီစဉ်ဆောင်ရွက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ဆည်/တမံများ၏ အချက်အလက်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ချိတ်ဆက်၍ ကုန်ကျစရိတ်များ ထပ်မံတင်ပြပေးရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် တာဝန်ရှိသူများ၊  Asia Air Survey Myanmar Co., Ltd မှ Regional Director ဦးမင်းသူနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။