Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / Glamoroso Apparel(Myanmar)Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀) လာရောက်လှူဒါန်း

Glamoroso Apparel(Myanmar)Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀) လာရောက်လှူဒါန်း

သြဂုတ် ၂၃ (ပဲခူး)
=======================

သြဂုတ်လ (၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Glamoroso Apparel(Myanmar)Co., Ltd မှ Mr. Cheung Kwok Wing David, Mr. Lau Siu Kin ဦးဆောင်သော တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀) လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ Mr. Cheung Kwok Wing David က မိမိတို့ကုမ္ပဏီသည် ဥရောပနိုင်ငံများသို့ တင်ပို့မည့် အဝတ်အထည်လုပ်ငန်းများအတွက် စျေးကွက်တစ်ခု ရရှိထားပြီးဖြစ်၍ ပဲခူးဒေသတွင် မြေဧရိယာ(၂၀)ဧက၌ စက်ရုံတည်ဆောက်၍ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် စတင်ပြီး ဝန်ထမ်းအင်အား (၆၀၀၀)ကျော်အား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့၌ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလာရောက် ဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ ဒါမှလည်း တိုင်းပြည်ဝင်ငွေ တိုးတက်လာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အစိုးရမှလည်း လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအတွက် လှူငွေပေးအပ်ခဲ့မှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အတွင်းရေးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Glamoroso Apparel(Myanmar)Co., Ltd မှ Mr. Cheung Kwok Wing David, Mr. Lau Siu Kin ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။