Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း(ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း(ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

သြဂုတ် ၂၄ (ပဲခူး)
==============

ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီခန်းမတွင် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် ဒုတိယဥက္ကဌ ဦးသန့်စိုးက မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း) ဒုတိယဥက္ကဌ ဦးစိုင်းသိန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း)အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း ချုပ်ရုံး၏လှုပ်ရှားဆောင်ရွက်မှုများကို VCD ဖြင့် ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌ ဦးမိုးကျော်သူက ကျေးဇူးတင်စကား ပြောကြားပြီး ပဲခူးအသင်းမှအတွင်းရေးမှူး ဦးမျိုးမင်းထွေးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသည့် လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများအား ပဲခူးအသင်းဖွဲ့စည်းခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန်၊ ခေတ်မီဆောက်လုပ်ရေးနည်းပညာများဖြင့် စံချိန်စံညွှန်းနှင့်ညီသော အဆောက်အဦများ တည်ဆောက်နိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာစံချိန်မီ အလုပ်သမားများပေါ်ထွက်လာစေရန်၊ အခက်အခဲဖြစ်ပေါ်နေသည့် ကန်ထရိုက်တာလုပ်ငန်းရှင်များကို ငွေကြေးအမြတ်တစ်စုံတရာမယူဘဲ ကူညီဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း ကန်ထရိုက်တာများကို ကိုယ်စားပြုသော လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ပေးသွားရန် ရည်ရွယ်၍ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူး)အသင်းကို ဥက္ကဌ(၁)ဦး၊ ဒုတိယဥက္ကဌ(၃)ဦး၊ အထွေထွေအတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး(၁)ဦး၊ စာရင်းစစ်(၁)ဦး၊ တွဲဖက်စာရင်းစစ်(၁)ဦး၊ ပြန်ကြားရေးမှူး(၁)ဦး၊ အဖွဲဝင်(၅)ဦး စုစုပေါင်း(၁၆)ဦးဖြင့် အတည်ပြုဖွဲ့စည်းထားရှိပြီး အသင်းရုံးခန်းအား ပဲခူးမြို့၊ ဥဿာမြို့သစ်(၇)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေး အမှတ်(၃၈)တွင် ယာယီဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။