Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၈(ပဲခူး)
=================

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကျွန်တော့်ရည်မှန်းချက်” တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” တေးသရုပ်ဖော်ဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်နိုင်ငံ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးသည့် အပိုင်းတွင်ပါဝင်နေပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကိုတည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာတတ်မြောက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရာရောက်ပြီး အမျိုးသားရေးအသိ အမျိုးသားရေးအမြင် အမျိုးသားရေးခံယူချက်တို့ဖြင့် အမျိုးသားရေးတာဝန်အရ ညီညာဖြဖြကြိုးပမ်းသွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားကာ ၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် စာစီစာကုံး/ ပိုစတာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဥအဒေချုပ် ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက “ပညာပြည့်စုံမြန်မာ့ဂုဏ်” တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ မြို့အနောက်(ခ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ဝ.ထ.က.လ.သ” တေးသရုပ်ဖော်ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြကြောင်းသိရသည်။
ကမ္ဘာ့စာတတ်မြောက်မှုနှုန်းနှင့် ကမ္ဘာပေါ်ရှိပြည်သူများစာတတ်မြောက်မှုနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများရှိနေသေးကြောင်းကို အစိုးရများ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆောင်များ သိရှိနိုင်စေရန်ရည်ရွယ်၍ နှစ်စဉ်စက်တင်ဘာလ(၈)ရက်နေ့အား နိုင်ငံတကာ စာတတ်မြောက်ရေးအဖြစ်သတ်မှတ်ပြီး ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ဦးဆောင်၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အထိမ်းအမှတ် အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ကြပြီး ယခု ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် “စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားစာပေမြှင့်တင်စို့” ဖြစ်ကြောင်းသိရသည်။