Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက် တာ၀န်ရှိသူများနှင့်တွေ့ဆုံ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက် တာ၀န်ရှိသူများနှင့်တွေ့ဆုံ

စက်တင်ဘာ ၈ (ပဲခူး)
================

ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှတာဝန်ရှိသူများ တွေ့ဆုံလမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မိုးကြည်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးနိုင်က အားကစားနှင့် ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်က တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပဲခူးသားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဒေါ်ဌေးဌေးမွန်က သားဖွားသင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြည့်ဆည်းပေးရန်လို အက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့ဌာနလုပ်ဆောင်ချက်များနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူအကြီးအကဲများက ပြန်လည်ဆွေးနွေးဖြေကြားကာ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။