Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Osaka Technocrat Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Osaka Technocrat Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

စက်တင်ဘာ ၉ (ပဲခူး)
====================

စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Osaka Technocrat Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ Osaka Technocrat Co., Ltd , Director , Mr. Yoshisugu Mine က မိမိတို့ကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်ကူးဝက်လှကျေးရွာအုပ်စုအတွင်းရှိ ကညင်တကိုင်းကျေးရွာ၌ စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်၍ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးလက်မီးလင်းရေးနှင့်ပတ်သက်၍ ကုန်ကျစရိတ်နှင့်ပတ်သက်၍  ဂျပန်အစိုးရထောက်ပံ့ငွေဖြင့် ဂျပန်နိုင်ငံနည်းပညာတက္ကသိုလ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း နည်းပညာတက္ကသိုလ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အဆင့်အနေဖြင့်လည်း ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ယခုအခါ မဟာဓါတ်အားလိုင်းနှင့် (၂)မိုင်အတွင်းနှင့် (၅)မိုင် အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ဂျပန်နိုင်ငံအကူအညီဖြင့် ကျေးလက်မီးလင်းရေးအား စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပြည်တွင်းနည်းပညာတက္ကသိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ကို သိရှိရသဖြင့် ပညာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်၍ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကန့်ကွက်ရန်မရှိပါကြောင်းနှင့် လုပ်ငန်းစီမံချက်များအား သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့်လည်း သွားရောက်တွေ့ဆုံသင့်ပါကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Osaka Technocrat Co., Ltd , Director , Mr. Yoshisugu Mine ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။